မန်ယူ သိပ် စိတ်ပျက်စရာ ကောင်းကြောင်း ရှုံ့ချပြီး မေးခွန်းတွေ ထုတ်လိုက်တဲ့ မန်စီးတီး ကစားသမားဟောင်းကြီး
ပြီးခဲ့တဲ့ စနေည ပဲလေ့စ်နဲ့ ပရီးမီးယားလိဂ် အိမ်ကွင်းပွဲမှာ တန်ဟက်ရဲ့အသင်း ထပ်မံ ရှုံးပွဲတွေ့ခဲ့ပြီးနောက် ဘောလုံး ဝေဖန် သုံးသပ်သူ တစ်ယောက်ဖြစ်တဲ့ မီကာရစ်ချက်က မန်ယူ ဘယ်တော့မှ ကောင်းလာမှာလဲလို့ မေးခွန်းထုတ် လိုက်ပါတယ်။
ယူနိုက်တက်ဟာ ၂၀၂၁ နိုဝင်ဘာနောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် အိုးလ်ထရက်ဖို့ဒ်မှာ ပရီးမီးယားလိဂ် ၂ ပွဲဆက် ရှုံးခဲ့တာပါ။
လက်ရှိ အခြေအနေကြောင့်လည်း နည်းပြတန်ဟက်အပေါ်မှာ ကြီးမားတဲ့ဖိအားကျရောက်နေပါတယ်။ မန်စီးတီးကြယ်ပွင့် ဟောင်းဖြစ်တဲ့ မီကာရစ်ချက် ကတော့ သမိုင်းကြောင်း ကောင်းတဲ့ အသင်းတစ်သင်း အနေနဲ့ လက်ရှိ အနေအထား ဟာ တကယ်ကို စိတ်ပျက်စရာလို့ သုံးသပ်ခဲ့တာပါ။

”မန်ယူက တကယ်ကို စိတ်ပျက်စရာ ကောင်းပါတယ်။ အစဉ်အလာကြီးတဲ့ အသင်းဖြစ်သလို ခေါ်ယူခဲ့တဲ့ ပလေယာတွေ အရ အပတ်တိုင်းမှာ တစ်ခုခုတော့ မျှော်မှန်းနိုင်ရမှာပါ။
အခုဆို သူတို့က ထိပ်ဆုံး ၄ နေရာနဲ့ ၇ မှတ် ကွာနေပြီး ဒီရာသီ ၇ ပွဲမှာလည်း ၇ ဂိုးပဲသွင်းနိုင်သေးတယ်။ ထိပ်ဆုံး ၄ သင်း စာရင်းဝင်တွေဆို အနည်းဆုံး အဲဒီပမာဏရဲ့ နှစ်ဆသွင်းထားတာပါ။
ကြည့်ရတာ သူတို့ဆီမှာ ပြသနာက ဆက်ရှိနေတုန်းပဲ။ ဘယ်တော့မှ သူတို့ပြန်ကောင်းလာမှာလဲ။ မကြာခင် ကောင်းမယ် လို့တော့ မျှော်လင့်ပါတယ်” လို့ မီကာရစ်ချက်က BBC သတင်းဌာနမှာ ပြောခဲ့ပါတယ်။
ယူနိုက်တက်ဟာ ဒီရာသီပရီးမီးယားလိဂ်အဖွင့် ၇ ပွဲမှာ ၄ ပွဲတောင် ရှုံးထားတာပါ။ ကာရာဘောင်းမှာ ပဲလေ့စ်ကို ဂိုးပြတ်နိုင်ခဲ့တာမို့ ပရီးမီးယားလိဂ်မှာလည်း အေးဆေးပဲလို့ ထင်ထားခဲ့ကြပေမယ့် စိတ်ပျက်ဖွယ် ခြေစွမ်းနဲ့အတူ ရွိုင်းဟော့ဂ်ဆန်ရဲ့အသင်းကို ရှုံးသွားပါတယ်။
အဲဒါကြောင့်လည်း ဥမင်ထဲဝင်တဲ့အချိန်မှာ မန်ယူကြယ်ပွင့်တွေဟာ အိုးလ်ထရက်ဖို့ဒ်ပရိသတ်ရဲ့လှောင်ပြောင်းခံခဲ့ရတာပါ။