မန်ယူအသင်း အတွက် ဆေးသောက်ပြီး ကစားပေးနေရာကနေ မခွဲစိတ်လို့ မရတဲ့ အခြေဆိုက်သွားတဲ့ မာတီနက်ဇ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အဓိက နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ်ဟာ လက်ရှိ ခံစား နေရတဲ့ ခြေဖမိုး ဒဏ်ရာကို ခွဲစိတ်ကုသရတော့မှာ ဖြစ်ပြီး အဲဒီခွဲစိတ်မှုရဲ့ အကျိုးဆက်ကြောင့် ၂၀၂၄ ခုနှစ်အထိ အနားယူရနိုင်တယ်လို့ သိရပါတယ်။

မာတီနက်ဇ်ဟာ အဲဒီဒဏ်ရာကို ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ကစားခဲ့တဲ့ ဆီဗီလာနဲ့ ယူရိုပါလိဂ် ပွဲစဉ်မှာ ရခဲ့တာဖြစ်ပြီး လက်ရှိဘောလုံးရာသီ အစအထိ အနားယူခဲ့ရပါတယ်။

ဒါပေမဲ့ ဒဏ်ရာက ပြန်ပြီး သက်သာလာတာကြောင့် နည်းပြအဲရစ်တန်ဟတ်ဟာ သူ့ရဲ့ တပည့်ဟောင်းကို မန်ယူအသင်းရဲ့ ပွဲစဉ် တချို့မှာ အရဲစွန့်ပြီး သုံးပစ်ခဲ့တာပါ။ ဒါပေမဲ့လည်း ဒဏ်ရာက..

အကင်းမသေ တဲ့အတွက် လက်ရှိအချိန်မှာတော့ ခွဲစိတ်ကုသဖု့ိ လိုအပ်လာပြီဖြစ်ပါတယ်။ အခုလက်ရှိ မာတီနက်ဇ် ကြုံနေရတဲ့ ဒဏ်ရာဟာ ဒဏ်ရာအသစ်မဟုတ်ဘဲ ဒဏ်ရာဟောင်းဖြစ်ပြီး ခြေသန်းရိုး ထိခိုက်ထားတဲ့ ဒဏ်ရာဖြစ်နေတာပါ။

ဒီ ဒဏ်ရာကို ၂၀၂၃ ခုနှစ်အစောပိုင်းမှာ ခွဲစိတ်ကုသမှု ခံယူခဲ့တာမျိုး ရှိပေမဲ့ လည်း အရှင်းပျောက်သွားတာလား၊ မပျောက်ဘူးလားဆိုတာ သီးခြား အတည်ပြုလို့ မရပါဘူး။

ဒါကြောင့် အခုတစ်ကြိမ်မှာ ခွဲစိတ်မှု လုပ်မယ်ဆိုရင် တော့ မာတီနက်ဇ်ဟာ ဒုတိယအကြိမ်မြောက် ခွဲစိတ်ကုသမှု ခံယူရမှာ ဖြစ်ပါ တယ်။

ဒီလိုဆိုတဲ့အတွက် မာတီနက်ဇ်ဟာ ၂၀၂၃ ခုနှစ် နှစ်ကုန်အထိ အနား ယူရတော့မှာဖြစ်ပြီး ၂၀၂၄ ခုနှစ်ရဲ့ နှစ်ဆန်းပိုင်းလောက် ကိုရောက်မှ မန်ယူနဲ့ အတူ ပြန်လည်ပါဝင်နိုင်မှာပါ။

မာတီနက်ဇ်ဟာ ဒီဒဏ်ရာကို သက်သာဖို့အ တွက် အကိုက်အခဲပျောက်ဆေးတွေ သောက်နေခဲ့ရပြီး ဘိုင်ယန်၊ ဘရိုက်တန် တို့နဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာဆိုရင်လည်း ဆေးသောက်ပြီး မန်ယူအတွက် ဝင်ကစားပေးခဲ့သူဖြစ်တယ်လို့ ဒေးလီးမေးလ် သတင်းက ရေးသားဖော်ပြထားပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ စစ်ဆေးချက်တွေ လုပ်ခဲ့ပြီးတဲ့နောက် အဖြေရလဒ်မှာတော့ မာတီနက်ဇ်ရဲ့ ခြေသန်းအရိုးဟာ ရှိရင်းစွဲအတိုင်း အနေအထားမရှိတာကို တွေ့ခဲ့ရပါတယ်။

ဒါကြောင့် ခွဲစိတ်ကုသဖို့တော့ မဖြစ်မနေ လိုအပ်နေပြီဖြစ်ပြီး ဒီကိစ္စကို အမြန် ဆုံး လုပ်ဖို့လည်း လိုအပ်တာကြောင့် ဒီနေ့မှာပဲ ခွဲစိတ်ကုသဖို့ လုပ်ငန်းစဉ် တွေ လုပ်ဆောင်တော့မယ်လို့ သိရပါတယ်။