မန်ယူရဲ့ လက်ရှိ အရည်အသွေးနဲ့တင် ဒီရာသီ ချန်ပီယံလိဂ် ဗိုလ်စွဲနိုင်တယ် လို့ ဗာရန်း ယုံကြည်စွာ ကြွေးကြော်

ဒီရာသီ တာထွက်ဆိုးနဲ့ ရင်ဆိုင်ကြုံတွေ့နေရပေမယ့် ဒီရာသီချန်ပီယံလိဂ်မှာ ဗိုလ်စွဲနိုင်တဲ့ကွာလတီ မန်ယူမှာ ရှိတယ်လို့ အသင်း နောက်ခံလူ ဗာရန်းက အခိုင်အမာ ပြောကြား လိုက်ပါတယ်။

ဥရောပမှာ ၄ ကြိမ်တိုင်ဗိုလ်စွဲဖူးတဲ့ယူနိုက်တက်ဟာ ပြီးခဲ့တဲ့စနေက အိုးလ်ထရက်ဖို့ဒ်မှာ ပဲလေ့စ်ကို ရှုံးနိမ့်ခဲ့လို့ ပရီးမီးယား လိဂ် ရာသီတစ်ခုမှာ သူတို့ရဲ့အဆိုးဆုံး တာထွက် ဖြစ်နေတာပါ။

နည်းပြ တန်ဟက်ရဲ့အသင်းဟာ ပရီးမီးယားလိဂ်အဖွင့် ၇ ပွဲမှာ ၄ပွဲထိ ရှုံးထားပြီး ၉ မှတ်သာ ယူနိုင်ခဲ့ပါတယ်။

ဒါ့အပြင် မန်ယူဟာ ချန်ပီယံလိဂ်အုပ်စုအဖွင့်မှာလည်း ဂျာမန်မြေမှာ ဘိုင်ယန်ကို ၄-၃ နဲ့သာ ကပ်ရှုံးခဲ့တယ် ဆိုပေမယ့် ခြေစွမ်း အရ အဖက်ဖက်က အရေးနိမ့်ခဲ့တာပါ။ နောက်တစ်ဆင့် တက်ချင်တယ်ဆိုရင်တော့ မန်ယူဟာ အင်္ဂါညကစားမယ့် ဂါလာတာစာရေးနဲ့ အိမ်ကွင်းပွဲမှာ နိုင်ပွဲ ရယူနိုင်ဖို့ အရေးကြီးပါတယ်။

ရီးရဲလ်နဲ့အတူ ချန်ပီယံလိဂ်မှာ အကြိမ်ကြိမ်ဗိုလ်စွဲဖူးတဲ့ပြင်သစ်သားနောက်ခံလူကတော့ အောင်မြင်တဲ့ ဥရောပ ဘောလုံး ရာသီ တစ်ခုဖြစ်နိုင်တယ်လို့ ယုံကြည်နေတာပါ။

ဂါလာတာစာရေးနဲ့ပွဲအတွက် သတင်းစာရှင်းလင်းပွဲမှာ သူ့အသင်းဟောင်းရီးရဲလ်လိုပဲ မန်ယူဟာ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲနိုင်လားရှိလားလို့ အမေးခံရတော့ ဗာရန်းက အခုလိုဖြေပါတယ်။

”ဟုတ်ကဲ။ အသင်းမှာရှိတဲ့ ကွာလတီအရ မန်ယူ ဗိုလ်စွဲနိုင်တယ်လို့ ထင်ပါတယ်။ ချန်ပီယံလိဂ်က ခက်ခဲသလို ကိုယ့်ဘက်ကလည်း အသေးစိတ်ကအစ ပြင်ဆင်ရတာပါ။

ဒါပေမဲ့ ကျွန်တော်တို့မှာ ကွာတလီနဲ့စိတ်ဓာတ်ပိုင်းအရ ကောင်းမွန်တဲ့အသင်းတစ်သင်း ပိုင်ဆိုင်ထားပါတယ်။ တိုးတက်မှု အချို့တော့ ရှိရမှာပါ။ ကျွန်တော်တို့မျှော်မှန်းထားတဲ့ရာသီတာထွက်လည်း မဟုတ်ပါဘူး။

ဒါပေမဲ့ကမ္ဘာပေါ်က အကောင်းဆုံးအသင်းတွေနဲ့ ယှဉ်ပြိုင်နိုင်တဲ့အရည်အသွေး ကျွန်တော်တို့မှာရှိတယ်လု့ိ ယုံကြည်နေဆဲပါ”လို့ ဗာရန်းက ပြန်ဖြေခဲ့တာပါ။