မန်ယူလို အသင်းမျိုးကို နည်းပြ တန်ဟက်က ကိုင်တွယ်နိုင်ပါ့မလား စိတ်ပူနေတဲ့ ဇာလက်တန် အီဗရာမိုဗစ်

မန်ချက်စတာ ယူနိုက်တက် လို့ တောင်းဆိုမှုများပြားပြီး ဆာလောင်မှုတွေ ပြင်းပြတဲ့ အသင်းမျိုးကို ကိုင် တွယ် ထိန်းချုပ်နိုင်ဖို့အတွက် နည်းပြ အဲရစ်တန်ဟတ်မှာ အတွေ့အကြုံ မရှိတာမျိုး ဖြစ်နေမှာကို တိုက်စစ်မှူးဟောင်းဖြစ်တဲ့ ဇလာတန် အီဘရာဗီမိုဗစ် တစ်ယောက် စိုးရိမ်နေပါတယ်။

နည်းပြ တန်ဟတ်ဟာ အိုးလ်ထရက်ဖို့ဒ်ကို ရောက်လာပြီးတဲ့နောက် စီရော်နယ်ဒို၊ ဒေးဗစ်ဒီဂီယာ၊ ဂျေဒန်ဆန်ချိုတို့လို ကြယ်ပွင့် ကစားသမားတွေနဲ့ ပြဿနာတွေ ရှိခဲ့သူဖြစ်နေပါတယ်။

ဒါကြောင့် အေဂျက်ဇ်လို အသင်းမျိုးကို ကိုင်ပြီး အောင်မြင်မှု ရပေမဲ့ မန်ယူလို အသင်း မျိုးကို ရောက်လာတဲ့အခါ ကမ္ဘာ့ ထိပ်သီး ကစားသမားတွေကို ကြီးကြပ်ကိုင် တွယ်ထိန်းချုပ်ရတာဖြစ်လို့ ကွာခြားမှုတွေရှိတယ်လို့ မန်ယူတိုက်စစ်မှူး ဟောင်းဖြစ်တဲ့ အီဘရာဟီမိုဗစ်က ဆိုပါတယ်။

” အေဂျက်ဇ်ကနေပြီး မန်ယူ ကို လာတာဖြစ်လို့ ကြီးမားတဲ့ ကွဲပြားမှုတွေ သူလုပ်ခဲ့ရတယ်။ ကျွန်တော်က အဲဒီ နှစ်သင်းစလုံးမှာ ကစားဖူးတယ်။ အေဂျက်ဇ်ဆိုတာက အရည်အသွေး ရှိတဲ့သူတွေ စုနေတဲ့ ကလပ်ဗျ။

သူတို့အသင်းမှာ အကောင်းဆုံး အရည် အသွေးရှိသူတွေ နေကြတယ်။ သူတို့မှာ ထိပ်သီး ကြယ်ပွင့်တွေ မရှိဘူး။ နည်းပြ တစ်ယောက်အတွက် အတွေ့အကြုံဆိုတာ ဘာလဲ။ သူက အရည် အသွေးမြင့် လူငယ်တွေနဲ့ ရှိခဲ့တာ။

ယူနိုက်တက်ကို ရောက်လာတော့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေက ခြားနားနေတယ်။ ကစားသမားတွေက ထိပ်သီးကြယ်ပွင့်တွေ ဖြစ်နေကြတယ်။ အဲဒါကို အရင်ပုံစံအတိုင်း သွားလုပ် လို့ မရဘူးထင်တယ်။

နည်းပြတစ်ယောက်ကို အချိန် ဘယ်လောက် ပေးမှာလဲ။ အဲဒါက အသင်းပိုင်ရှင်တွေရဲ့ ဆန္ဒအပေါ် မူတည်တယ်။ ဒါပေမဲ့ ပရိ သတ်တွေရဲ့ အသံကို နားထောင်မယ်ဆိုရင်တော့ အချိန်က သိပ်ပြီး ရမှာ မဟုတ်ဘူး။

ဘာကြောင့်လဲဆိုတော့ သူတို့က အနိုင်ကို လိုချင်ကြတာ။ သူတို့ ကိုလည်း ကျွန်တော် နားလည်တယ်။ သူတို့တွေက အောင်မြင်မှုနဲ့ နေသားတကျ ရှိပြီးသားလေ။ သူတို့က နိုင်နေတာပဲ လိုချင်တာ ” လို့ အီဘရာဟီမိုဗစ်က နည်းပြတန်ဟတ်အပေါ် သူ့ရဲ့ အမြင်နဲ့ ပတ် သက်ပြီး ပြောပါတယ်။

ယူနိုက်တက်ဟာ ၃၄ နှစ်အတွင်း အဆိုးရွားဆုံး ရာသီ အစနဲ့ ရင်ဆိုင်နေရပြီး ရာသီအစ ပရီးမီးယားလိဂ် ၇ ပွဲမှာ ၄ ပွဲအထိ ရှုံးထားပြီ ဖြစ်ပါတယ်။