မန်ချက်စတာ ယူနိုက်တက်ရဲ့ အကြီးဆုံး ပြသနာကို ရှင်းဖို့ တိုက်စစ်မှုး ဟွိုင်လန်း ပေါ်တင် တောင်းဆို

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မနေ့ညက အိုးထရက်ဖို့ဒ်ကွင်းထဲမှာ ဂါလာတာစာရေး အသင်းနဲ့ ချန်ပီယံံလိဂ် အုပ်စု ဒုတိယ ပွဲစဉ် ကစားခဲ့ရပြီး 2 – 3 ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ကာ အုပ်စု အမှတ်ပေး ဇယား အောက်ဆုံး နေရာကို ရောက်သွားခဲ့ရပါတယ်။

ဒီပွဲမှာတော့ ယူနိုက်တက် အသင်းအတွက် အဖွင့်ဂိုးနဲ့ ဒုတိယမြောက် ဦးဆောင်ဂိုးတွေကို တိုက်စစ်မှူး ဟွိုင်လန်း က သွင်းယူပေးနိုင်ခဲ့ပါတယ် ။ ဒါ့ကြောင့် သူဟာ သွင်းဂိုး 3 ဂိုး နဲ့ ဒီရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်ခဲ့ရပါပြီ ။

အဆိုပါ ရှုံးပွဲ အပြီးမှာတော့ ယူနိုက်တက် တိုက်စစ်မှူး ဟွိုင်လန်း က အသင်းရဲ့ အကြီးမားဆုံး ပြသနာကို ထောက်ပြသွားခဲ့ပါတယ်။

” ကျွန်တော့်ရဲ့ ခံစားချက်ကို ထုတ်ပြောပြဖို့ အနည်းငယ် ခက်ခဲလှပါတယ် ။ ကျွန်တော်ဟာ တစ်ချိန်ထဲမှာ ပျော်ရွှင်တာရော မပျော်ရွှင်မှုပါ ခံစားနေခဲ့ရတာပါ ။ အခုဟာ တစ်ဦးချင်း စွမ်းဆောင်ရည် အကြောင်းကို ပြောရမှာ မဟုတ်ရပါဘူး ”

” အရေးကြီးတာက အနိုင် 3 မှတ် ရရှိရေးပါ ။ အခုချိန်မှာတော့ ကျွန်တော်တို့ လုံလောက်စွာ မကောင်း မွန်နိုင်ခဲ့ကြပါဘူး ။ ကျွန်တော်တို့ ဂိုးသွင်းယူပြီး မကြာမီ အချိန် ခဏလေးအတွင်း ဂိုးတွေပြန်ပေးလို့ မရနိုင်ဘူးဆိုတာကို သတိချပ်ဖို့ အရေးကြီးပါတယ် ”

” ကျွန်တော်တို့ ဒီလို ပွဲစဉ်အချို့ကို ပိုင်ဆိုင်ထားခဲ့ပြီးပါပြီ ။ ကျွန်တော်တို့ အခုတော့ အိမ်ပြန်ပြီး ဖြစ်ပျက်ခဲ့တာတွေကို ပြန်လည် ဆင်ခြင် သုံးသပ်ရင်း ဘယ်လို ဖြေရှင်းကြမလဲဆိုတာကို အဖွဲ့လိုက် ဆွေးနွေးကြဖို့ တကယ်ပဲ လိုအပ်နေခဲ့ပါပြီ ”

” ဒါက ခက်ခဲတဲ့အခိုက်အတန့်ပါ ။ ကျွန်တော်တို့ အတူရှိနေဖို့ အရေးကြီးပါတယ် ။ အခက်အခဲတွေကို ကျော်လွှားဖို့ ဒီတစ်နည်းပဲ ရှိပါတယ် ။ အုပ်စု အဆင့်ကို ကျော်ဖြတ်ပြီး နောက်ထပ် ပွဲစဉ်တွေ ကစားချင်ရင်တော့ ရမှတ်တွေ စုဆောင်းနိုင်ဖို့ အရေးကြီးပါတယ် ” လို့ ဟော့ဂျ်လန်း က ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ် ။