ရက်ရှ်ဖို့ဒ်နဲ့ အတူ ဘယ်လို ကြိုးစားခဲ့လို့ ခြေစွမ်းပြနေတာလဲ ရှင်းပြလာတဲ့ မန်ယူတိုက်စစ်မှုးသစ် ဟွိုင်လန်း

ပြီးခဲ့တဲ့ ဂါလာတာစာရေးအသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲမှာ မန်ယူအသင်းအတွက် သွင်းဂိုး ၂ ဂိုးစလုံး သွင်းယူပေးနိုင်ခဲ့တဲ့ ဟွိုင်လန်း ကတော့ ယခုလို ပိုပြီး ခြေစွမ်းကောင်းမွန်လာရခြင်းဟာ အသင်းဖော် ရက်ရှ်ဖို့ဒ်ရဲ့ အကူအညီများစွာ ပါဝင်နေကြောင်း ဝန်ခံပြောဆိုသွားခဲ့ပါတယ်။

ဟွိုင်လန်း ရဲ့ အဖွင့်ဂိုးကို လှလှပပ ဖန်တီးပေးနိုင်ခဲ့တဲ့ ရက်ရှ်ဖို့ဒ်ရဲ့ စွမ်းဆောင်မှုတွေကို ဟွိုင်လန်း က ချီးကျူးပြောဆို သွားခဲ့တာ ဖြစ်ပြီး ၎င်းတို့ နှစ်ယောက် အချိန်ကြာ စကားပြောဆိုမှုတွေ၊ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပြီးနောက် ယခုလို ရလဒ်တွေ ပိုမို တိုးတက်လာခဲ့ရခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ အစပိုင်း ပွဲစဉ်တွေတုန်းက ဟော့ဂျ်လန်းနဲ့ အတွဲအဖက်ညီဖို့ ကြိုးစားတာထက် တစ်ဦးချင်း စွမ်းဆောင်ရည် တွေနဲ့ ဂိုးသွင်းယူဖို့ ကြိုးစားခဲ့ပေမယ့် ပြီးခဲ့တဲ့ ပွဲမှာတော့ ဟွိုင်လန်း ရဲ့ နေရာလွတ်တွေကို ရှာဖွေပြီး အတွဲညီညီ ဖန်တီး ပေးပို့မှုတွေ ပြုလုပ်နိုင်ခဲ့ကြပါတယ်။

ဟွိုင်လန်း က “ ကျွန်တော်တို့ နှစ်ယောက် စကားပြောဆိုမှုတွေ ပြုလုပ်ခဲ့သလို ပိုပြီး သိလာအောင် ကြိုးစားခဲ့ကြပါတယ်၊ ကျွန်တော်က သူနဲ့ချိန်သားကိုက် လိုက်ဆော့နိုင်မှန်း သူသိပါတယ်၊ အထူးသဖြင့် ကျွန်တော်တို့ တန်ပြန်တိုက်စစ်တွေနဲ့ ကစားနေချိန် မျိုးမှာပေါ့။

ဒီနေ့ပွဲမှာလည်း ဒီလို အနေအထားကနေ ကျွန်တော် ဂိုးသွင်းယူနိုင်ခဲ့ပါတယ်၊ တကယ်ဆိုရင် ဒီနေ့ပွဲမှာ ကျွန်တော် သွင်းဂိုး ၃ ဂိုးအထိ သွင်းယူခဲ့တာပါ၊ တစ်ဂိုးက လူကျွံနေခဲ့လို့သာ သွင်းဂိုး ၂ ဂိုးပဲ ရေတွက်လို့ ရမှာပါ၊ ကျွန်တော် ကတော့ ဒီနေ့ ၂ ဂိုးထက် ပိုပြီး သွင်းနိုင်ခဲ့ရင် ပိုပြီး ဝမ်းသာ ပီတိဖြစ်ရမှာပါ ” ဆိုပြီး ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ မန်ယူအသင်းရဲ့ တိုက်စစ်ရှားပါးနေမှု ပြဿနာကို ဟွိုင်လန်း က အပြည့်အ၀ ဖြေရှင်းပေးနိုင်ကြောင်း ပရိသတ်တွေ မြင်တွေ့ခွင့် ရရှိခဲ့ပြီ ဖြစ်တာကြောင့် ရှေ့လာမယ့် ပွဲစဉ်တွေမှာ ယခုထက် ပိုမို များပြားတဲ့ သွင်းဂိုးတွေကိုတော့ ပရိသတ်တွေ ကိုယ်တွေ့ မြင်တွေ့လာရဦးမှာ ဖြစ်ပါတယ်။