မန်ယူဘက်က နေချင်ပေမယ့် မနေရဲတော့ဘူး ဆိုတဲ့ ပေါမာဆန်ကြီးရဲ့ ဘရန့်ဖို့ဒ်နဲ့ ပွဲ သုံးသပ် ခန့်မှန်းချက်
နည်းပြ တန်ဟက်ရဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ဒီတပတ် ပရီးမီးယားလိဂ်မှာ ဘရန့်ဖို့ဒ်နဲ့တွေ့ဆုံနေပြီး အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ်။
ပွဲချိန်ကတော့ မနက်ဖြန် စနေနေ့ မြန်မာစံတော်ချိန် ည ၈နာရီခွဲ အချိန်မှာ ယှဉ်ပြိုင်မှာပါ။
ဘောလုံးပွဲတွေ အပတ်စဉ် သုံးသပ်နေကြ ဝါရင့်ကြီး တစ်ဦး ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန် ကတော့ မန်ချက်စတာ ယူနိုက်တက် v ဘရန့်ဖို့ဒ် ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းထားပြီ ဖြစ်ပါတယ်။

” နှစ်သင်းလုံးအတွက် ကျွန်တော်ကတော့ စိတ်ပူမိတယ်။ ဘရန့်ဖို့ဒ်က ဒဏ်ရာရ တချို့ ရှိတယ်။ သူတို့လိုပဲ ပရီးမီးယားလိဂ်မှာက အသင်းတိုင်းလိုလို ဒဏ်ရာ ပြသနာတွေနဲ့။ သူတို့ ဘယ်တော့ ရလဒ်ကောင်း ရမလဲလို့ ကြည့်ပြီး တွေးတောင်နေမိတယ်။
ဂါဘာတာစာရေးက ကမ္ဘာ့ အကောင်းဆုံး အသင်းတွေထဲ မပါပါဘူး။ ဒါပေမယ့် ဒီအပတ် အိုးထရက်ဖို့ဒ်မှာ သူတို့က ထိုးဖောက် မွှေနှောက်သွားတယ်။ တန်ဟက် အနေနဲ့ ဆုံးဖြတ်ချက်ကြီးတွေ ချရတော့မှာပါ။
သူတို့က တူညီတဲ့ ကိစ္စတွေကိုပဲ လုပ်ပြီး ဒီရလဒ်တွေချည်း ထွက်နေတော့တာ။ သူတို့ရဲ့ နောက်ဆုံး ၅ ပွဲ မှာ ၄ ပွဲက ရှုံးထားတယ်။ ပြီးတော့ မကောင်းတဲ့ စံချိန် မှန်သမျှ သူတို့ချည်း တင်နေတော့တာပဲ။
ဒေးဗစ် ဒီဂီယာက ပြီးခဲ့တဲ့ရာသီ ရွှေလက်အိတ် ဆု ရခဲ့တဲ့ ဂိုးသမားပါ။ သူဆိုရင် ဂိုး တစ်သန်းလောက် ပေးနေမှာ မဟုတ်ဘူး။ အိုနာနာ က အမှားတွေ တော်တော် လုပ်ထားပြီးပြီ။ ကျွန်တော်သာ ဆိုရင် ကိုယ့် ဂိုးသမားက ဂိုးဖမ်းနိုင်ဖို့ပဲ မြင်ချင်တာ။
သူ ခြေထောက်ထဲ ဘောလုံး ဘယ်လို ထားပြီး အစွမ်းပြနိုငတယ် ဆိုတာ တွေးပူမနေဘူး။ အိုနာနာက လောလောဆယ် ရုန်းကန်နေရပြီ။ သူ့ အနေနဲ့ ရိုးရှင်းတဲ့ အခြေခံ ကိစ္စလေးတွေပဲ မှန်အောင် အရင် လုပ်ရဦးမှာပါ။
အမ်မရာဘတ် ကို ဘယ်စွန် နောက်တန်းမှာပဲ ထားမယ် ဆိုရင် ဘာလို့ ခေါ်နေဦးမှာလဲ ? ဒီဆုံးဖြတ်ချက် က သူတို့ ချန်ပီယံလိဂ် ပွဲကို ရှုံးသွားစေခဲ့တာပါ။ သူတို့ ဒီပွဲမှာ ကာဆီမီရို ကို ချန်ထားမယ် ဆိုရင် ကျွန်တော် မအံ့သြလောက်ဘူး။ အမ်မရာဘတ်ကိုက ကွင်းလယ်မှာ ထားရမှာပါ။ သူတို့ ဂါလာတာစာရေး ပွဲမှာ သူ့ကို အလကား သွား ဖြုန်းတီး လိုက်တယ်။ ဖြစ်ကို မဖြစ်သင့်ခဲ့တာ။
ကျွန်တော် ဒီပွဲမှာ မန်ယူနိုက်တက်ကိုပဲ ရွေးချယ်ချင်တာပါ။ ဒါပေမယ့် လောလောဆယ်က သူတို့ကို ထောက်ခံဖို့ အတော် ခက်ပါတယ်။ သူတို့က စောင့်ကြည့်ချင်စရာ မကောင်းသလို ခံစစ်ကလည်း အတော် ဆိုးတယ်။ သူတို့ ဘရန့်ဖို့ဒ်နဲ့ ပွဲမှာ သရေ ကျသွားမယ် လို့ ထင်တယ်။ ” လို့ မာဆန်က သုံးသပ်ထားပါတယ်။
ပေါမာဆန် ရဲ့ ခန့်မှန်းရလဒ် ကတော့ မန်ချက်စတာ ယူနိုက်တက် ၁-၁ ဘရန့်ဖို့ဒ် ဖြစ်ပါတယ်။