အိုနာနာ ဆေးထိုးခဲ့ပေမယ့် တော်မီနေး မှော်ဝင်ပြီး မန်ချက်စတာ ယူနိုက်တက် Come Back ပြန်ကာ နိုင်ခဲ့တဲ့ အံ့ဖွယ် အောင်ပွဲ
မန်ချက်စတာ ယူနိုက်တက်ဟာ စနေည အိုးထရက်ဖို့ဒ်မှာ ဘရန့်ဖို့ဒ်ကို ဧည့်ခံ ကစားရာ တော်မီနေးရဲ့ အံ့ဖွယ် နောက်ကျ ဂိုးတွေနဲ့အတူ မန်ယူအသင်းဟာ အိမ်ကွင်းမှာ ၃ မှတ် ရခဲ့ပါတယ်။ နိုင်ပွဲ ရခဲ့ပေမယ့်လည်း ခြေစွမ်းကတော့ အားရစရာ မရှိသေးပါဘူး။
မန်ချက်စတာယူနိုက်တက်ကတော့ ပိုပိုပြီးဆိုးရွားတဲ့ ကစားပုံတွေနဲ့ ပရိသတ်တွေကို စိတ်ဒုက္ခပေးနေခဲ့ပါတယ်။ ဒီနေ့လည်း အိမ်ကွင်းမှာ ဘရန်ဖို့ဒ်နဲ့ ကစားခဲ့ရာမှာ ထုံးစံအတိုင်း တော်တော်လေးကို ညံ့ဖျင်းလွန်းခဲ့ပြီး ဦးဆောင်ဂိုးပါ အသွင်းခံခဲ့ရတာပါ။ ဒီဂီုးအတွက်တော့ အိုနာနာတယောက် အကြီးအကျယ်ဖိအားခံရဦးမှာလည်း သေချာပါတယ်။

ကက်စ်မဲရိုးရဲ့ လူပေးမှားမှုကနေ ဘောလုံးရသွားတဲ့ ဘရိုက်တန်က တန်ပြန်တိုက်စစ်ကို မြန်မြန်ဆန်ဆန်စတင်ပြီးတော့ ဂိုးရအောင်သွင်းခဲ့တာပါ။ ကန်သွင်းမှုက အားပျော့လွန်းပြီး ဂိုးပေါက်အလယ်တည့်တည့်ကို ကန်သွင်းတာဖြစ်ပြီး အိုနာနာရဲ့ ကာကွယ်ခဲ့ပုံကတော့ ရုပ်ပေါက်လောက်အောင်ကို ဆိုးရွားကာဂိုးပေးလိုက်ရပါတယ်။
ဂိုးပေးလိုက်ရပြီးနောက်မှာလည်း ခြေစွမ်းက သိသိသာသာတက်မလာခဲ့ဘဲ ချေပဂိုးပြန်ရဖို့ခက်နေကာ ပထမပိုင်းကို ၁-၀ နဲ့ အရေးနိမ့်နေခဲ့ပါတယ်။ ယူနိုက်တက်ပရိသတ်တွေကတော့ အိုနာနာကို တော်တော်လေးဒေါသထွက်နေပြီဖြစ်ကာ ဆိုရှယ်မီဒီယာမှာတော့ တော်တော်လေးပွဲဆူနေခဲ့ပါတယ်။
ဒုတိယပိုင်းမှာလည်း ယူနိုက်တက်က ချေပဂိုးရဖို့အတွက်ကို အားထုတ်ခဲ့ပေမယ့် အလှမ်းဝေးနေခဲ့ပါတယ်။ တိုက်စစ်ပိုင်း က ဂိုးပေါက်ရှေ့ရောက်ရင်ကို အလွဲအချော်တွေဖြစ်နေခဲ့ကာ အပိုင်ကန်သွင်းခွင့်မရသလောက်ကို ဖြစ်နေခဲ့တာပါ။ အဝေးကန်ချက်တွေနဲ့ သူတို့ ကြိုးစားခဲ့ပေမယ့်လည်း ဘရန့်ဖို့ဒ်ဂိုးသမားက ကာကွယ်နိုင်ခဲ့ပါတယ်။ အဲရစ်ဆန်၊ အန်တိုနီ၊ မာရှယ်တို့ကိုပါ ထည့်သွင်းပြီး တန်ဟက်က တိုက်စစ်မြှင့်ခဲ့ပေမယ့် ရုန်းကန်နေခဲ့ရပါတယ်။
အခွင့်အရေးရချိန်ဆိုလည်း ဂိုးဘားတန်းကျော်အောင်ကန်သွင်းတာ၊ ဂိုးပေါက်မတည့်တာတွေပဲ ဖြစ်နေခဲ့တာပါ။ ပရိသတ်တွေအတွက်တော့ တကယ်ကို စိတ်ပျက်စရာကောင်းနေခဲ့ပါတယ်။ ပွဲပြီးခါနီးမှာ မက်တော်မီနေး ချေပဂိုးသွင်းခဲ့ပေမယ့် လူကျွံနေတာကြောင့် ဂိုးမရခဲ့ပါဘူး။
ဆက်တိုက်ဖိကစားနေတဲ့ ယူနိုက်တက်တို့ ကံကောင်းခဲ့တာကတော့ ဒါလော့ရဲ့ ကန်ချက်ကို ဂိုးသမားပုတ်ထုတ်ခဲ့လို့ အံထွက်ခဲ့တာကို လူစားဝင်လာတဲ့ တော်မီနေးက ပိတ်သွင်းပြီး ချေပဂိုးရခဲ့တာပါပဲ။
ဒါ့အပြင် နောက်ဆုံးမိနစ်မှာလည်း မက်ဂွီုင်းယားရဲ့ ခေါင်းတိုက်ဖန်တီးပေးမှုကနေ တော်မီနေးပဲ ခေါင်းတိုက်သွင်းခဲ့လို့ ယူနိုက်တက်တို့ အံ့အားသင့်ဖွယ်ရာနိုင်ပွဲကို ရခဲ့တာ ရလဒ်ဆိုးတွေကို အဆုံးသတ်နိုင်ခဲ့ပါတယ်။