ပွဲ မပြီးမချင်း မန်ယူ ရှုံးပြီ မပြောပါနဲ့ လို့ ဝံ့ကြွား ကြွေးကြော်သွားတဲ့ သရဲနီ ဟီးရိုး တော်မီနေးရဲ့ ပွဲပြီး ပြောစကား

စနေနေ့ည အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် – ဘရန့်ဖို့ဒ် ပွဲကတော့ တော်မီနေးရဲ့ မှော်ဝင် ကယ်တင် ဂိုးတွေကြောင့် အနိုင် ၃ မှတ်ပြည့် ရခဲ့ပြီ ဖြစ်ပါတယ်။

ပွဲချိန် မိနစ် ၉၀ ပြည့်သည်ထိ ယူနိုက်တက်တို့ ၁-ဝ နဲ့ ရှုံးနိမ့်နေခဲ့ပေမယ့် နာကျင် အချိန်ပို ပွဲချိန် ၉၃ မိနစ်နဲ့ ၉၇ မိနစ်မှာတော့ ယူနိုက်တက် ကွင်းလယ် ကစားသမား တော်မီနေး ဆက်တိုက် ဆိုသလို ဂိုးတွေ သွင်းယူ လိုက်တာကြောင့် ပွဲပြီးချိန်မှာ ယူနိုက်တက်တို့ ၂-၁ နဲ့ နိုင်ပွဲ ရခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက် အတွက် ဟီးရိုး ဖြစ်ခဲ့တဲ့ တော်မီနေး ကတော့ သူ့ရဲ့ ဖီလင်တွေကို ပွဲ အပြီးမှာ အခုလို ရင်ဖွင့် သွားခဲ့ပါတယ်။

” ကျွန်တော် စိတ်လှုပ်ရှား မနေပါဘူး။ ဘယ်လို အခြေအနေမျိုးမှာ မဆို လက်လျှော့လိုက်မှာ မဟုတ်ဘူး။ ဒီဘောလုံးကလပ်မှာက ဘယ်တော့မှ လက်မြှောက် အရှုံးမပေးဖို့ တောင်းဆိုမှုတွေ ရှိနေတာပါ။ ဘယ်တော့မှ အလံဖြူ ပြလို့ မရဘူး။

ကျွန်တော့် အတွက်ကတော့ ဒီကို အသက် ၅ နှစ်သားတည်းက ရောက်နေသူ ဖြစ်လို့ ဒါကို ဘယ်သူမဆိုထက် ပိုပြီး ကောင်းကောင်း သိတယ်၊ သဘောပေါက်ထားပါတယ်။ ” လို့ တော်မီနေးက ဆိုခဲ့ပါတယ်။

ဆက်လက်ပြီး ” ဒါက ဘောလုံးကွင်းထဲမှာ ကျွန်တော့် အကြိုက်ဆုံး ဖေးဖရိတ် အခိုက်အတန့် တစ်ခု ဖြစ်နေတော့မှာပါ။ လုံးဝ ရှုံးပြီထင်ရတဲ့ အချိန်မှာ ၂ ဂိုး သွင်းတာဗျာ။ ဒါပေမယ့် ကျွန်တော်ကတော့ အသင်းအတွက် ကူညီ စွမ်းဆောင်ပေးနိုင်တာနဲ့ လူတွေကို ကျွန်တော် ဘာလုပ်နိုင်သလဲ ပြသနိုင်ခဲ့လို့ အရမ်းကို ပျော်ရွှင်နေမိပါတယ်။

ဒီနေ့ နိုင်ပွဲကတော့ တကယ်ကို ကြီးမားတဲ့ ရလဒ်ပါ။ ကျွန်တော်တို့ ဘယ်လောက် ခက်ခဲ့တဲ့ ကာလ ကြုံနေရလဲ လူတိုင်းလည်း သိပါတယ်။ ဒီအုပ်စုမှာ ဖိုက်တာတွေ ရှိတယ်၊ အဆုံးထိ တိုက်ပွဲဝင်သွားမယ့် သူတွေပါ။ ကွင်းထဲမှာ ဂိုးသွင်းတာက ဘယ်သူမဆိုကို ဖြစ်သွားနိုင်တယ်။ ဒီပွဲကနေ ပုံစံကောင်းတွေ တည်ဆောက်သွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ” လို့ ပြောဆိုသွားခဲ့ပါတယ်။