တော်မီနေး ဘုန်းတော်ဘွဲ့တွေ ကြားမှာ မှေးမှိန်နေရတဲ့ ဘရန့်ဖို့ဒ်နဲ့ ပွဲက မန်ယူရဲ့ အမေ့ခံ Unsung Hero ကစားသမား
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အိမ်ကွင်းမှာ ဘရန့်ဖို့ဒ်ကို ၂-၁ ဂိုးနဲ့အနိုင်ရခဲ့ပြီး အခုနိုင်ပွဲအတွက် အထင်ရှားဆုံးဖြစ်ခဲ့တာက ကွင်းလယ်လူ တော်မီနေး ဖြစ်ပါတယ်။
တော်မီးနေး ဟာ ပွဲချိန် ၈၇ မိနစ်မှ လူစားဝင်ကစားခွင့်ရပြီး ၉၃ မိနစ်မှာ ချေပဂိုး၊ ၉၇ မိနစ်မှာ ၃ မှတ်ရစေမယ့် အဖိုးတန် အနိုင်ဂိုးတွေကို သွင်းယူပေးခဲ့ပါတယ်။
ယူနိုက်တက် ပရိသတ်တွေနဲ့မီဒီယာတွေကြားမှာ တော်မီးနေး ရဲ့သတင်းက လူပြောများနေပေမယ့် ယူနိုက်တက်အသင်း နိုင်ပွဲရအောင် တစ်ဖက်တစ်လမ်းက ကူညီပေးခဲ့တဲ့ အမေ့လျော့ခံ သူရဲကောင်းတစ်ဦးရှိနေပါသေးတယ်။

သူကတော့ အသင်းခေါင်းဆောင်ဟောင်း မက်ဂွိုင်းယားပါပဲ။ ဘရန့်ဖို့ဒ်နဲ့ပွဲမှာ တော်မီးနေး ခေါင်းတိုက်သွင်းယူခဲ့တဲ့ အနိုင်ဂိုးက မက်ဂွိုင်းယားရဲ့ ခေါင်းတိုက်ချပေးတာကနေ ရရှိခဲ့တာဖြစ်ပြီး ဒါဟာ မက်ဂွိုင်းယားအတွက် ယူနိုက်တက် ကစားသမားဘ၀ ၆ ကြိမ်မြောက် ဂိုးဖန်တီးမှုလည်းဖြစ်ပါတယ်။
၂၀၁၉ ခုနှစ်တုန်းက လက်စတာအသင်းကနေ ယူနိုက်တက်ကို နောက်ခံလူတစ်ဦးအတွက် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်သန်း ၈၀ နဲ့ရောက်ရှိခဲ့သူ မက်ဂွိုင်းယားဟာ အသင်းကို ရောက်ပြီးလို့ ၆ လအကြာမှာပဲ အသင်းခေါင်းဆောင် ခန့်အပ်ခံခဲ့ရသလို အဓိက ကစားသမားအဖြစ် ပါဝင်ခွင့်ရရှိခဲ့ပါတယ်။
ဒါပေမဲ့ နောက်ပိုင်းနှစ်တွေမှာတော့ မက်ဂွိုင်းယားတစ်ယောက် အမှားများလာတဲ့အတွက် ဝေဖန်ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး အဲရစ်တန်ဟက်လက်ထက်မှာ ပုံမှန်ကစားခွင့်ပျောက်ဆုံးခဲ့တဲ့အပြင် အခုနွေရာသီအတွင်း အသင်းခေါင်းဆောင်အဖြစ်ကလည်း ဖယ်ရှားခံခဲ့ရပါတယ်။
ဒီရာသီ ပရီးမီးယားလိဂ်မှာ မက်ဂွိုင်းယားဟာ ဒဏ်ရာပြဿနာနဲ့ပွဲကစားခွင့် မရတာတွေကြောင့် စုစုပေါင်း ၂၆ မိနစ်သာ ကစားခဲ့ရပြီး အခု ဘရန့်ဖို့ဒ်နဲ့ပွဲမှ ပထမဆုံးပွဲထွက်ကစားခွင့်ရတာဖြစ်ပါတယ်။
ဘရန့်ဖို့ဒ်နဲ့ပွဲမှာ မက်ဂွိုင်းယားဟာ ဝါရင့်နောက်ခံလူ အီဗန်စ်နဲ့တွဲဖက်ကစားခဲ့ရပြီး ခြေစွမ်းပြကစားနိုင်သလို အရေးပါတဲ့အနိုင်ဂိုးရအောင် ဖန်တီးပေးခဲ့ပါတယ်။
ဘရန့်ဖို့ဒ်နဲ့ပွဲမှာ မက်ဂွိုင်းယားက တိကျတဲ့ဘောလုံးပေးပို့မှု ၉၀ %၊ ဘောလုံးထိချက် ၆၈ ကြိမ်၊ တိကျတဲ့ အမြင့်ဘောပေးပို့မှု ၁၀ ကြိမ်၊ လေထဲမှာ ပြိုင်ဘက်ကို အသာရမှု ၂ ကြိမ်၊ ဘောလုံးကြားဝင်ရယူနိုင်မှု ၂ ကြိမ်နဲ့ ဂိုးဖန်တီးမှု ၁ ကြိမ်ပြုလုပ်ခဲ့ပါတယ်။
မက်ဂွိုင်းယားရဲ့စွမ်းဆောင်ရည်ကြောင့် The Sun သတင်းစာက Rating 6 ပေးခဲ့ပါတယ်။ အခုလောလောဆယ် ယူနိုက်တက်အသင်းရဲ့နိုင်ပွဲမှာ တွမ်မီနေးက သူရဲကောင်းဖြစ်နေပေမယ့် အပယ်ခံ၊ အမေ့ခံ သူရဲကောင်းဖြစ်တဲ့ မက်ဂွိုင်းယား ကိုလည်း မမေ့ထားသင့်ပါဘူး။