တစ်သင်းလုံးကတော့ စိတ်ပျက်နေပြီ၊ ကြည့်လုပ်ဦး ငါ့ကောင်ရေ လို့ ပီတာရှမိုက်ကယ် နားချနေရတဲ့ ယူနိုက်တက် ကြယ်ပွင့်
မန်ချက်စတာ ယူနိုက်တက်နဲ့ ဂိုးသမားသစ် အိုနာနာ ရဲ့ ဒီရာသီ တာထွက်ဆိုးက သူ့အသင်းဖော်တွေအပေါ် စတင်သက်ရောက်နေပြီလို့ အသင်းဂန္ထဝင်ဂိုးသမားဟောင်းပီတာရှမိုက်ကယ်က ယုံကြည်နေပါတယ်။
ကင်မရွန်းဂိုးသမားဟာ အခုနှစ်နွေရာသီမှာ စီးရီးအေအသင်းကြီး အင်တာမီလန်ကနေ ပေါင် ၄၃ သန်းနဲ့ ပြောင်းလာပြီး အလွတ်ထွက်ခွာတဲ့ဒီဂီယာနေရာ အစားဝင်ခဲ့တာပါ။
အိုနာနာက ဘောလုံးကို ခြေထောက်နဲ့ကန်ရာမှာ ချီးကျူးခံရသူဖြစ်ပေမယ့် ကာကွယ်မှုမှာတော့ ဝေဖန်စရာဖြစ်နေပါတယ်။

ဂါလာတာစာရေးကို ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲတုန်းကလည်း သူ့ရဲ့လူပေးအမှားကြောင့် ကက်စမဲရိုးအထုတ်ခံခဲ့ရတာပါ။
ယူနိုက်တက်ဂိုးပေါက်မှာ ဖမ်းခဲ့ဖူးသူဖြစ်လို့ အခြေအနေတွေကို ရှမိုက်ကယ်က သဘောပေါက်နေပြီး အသင်းသားတွေဟာ အိုနာနာကို ယုံကြည်မှုစတင်ကျဆင်းနေပြီလို့ ဆိုခဲ့ပါတယ်။
”အိုနာနာရဲ့အမှားတွေအများကြီးက ဖိအားဖြစ်စေတယ်လို့ ထင်ပါတယ်။ ဘိုင်ယန်နဲ့ပွဲပြီးတော့ ကျွန်တော် သူနဲ့စကားပြောခဲ့တယ်။
ဂါလာတာစာရေးနဲ့ပွဲအပြီးမှာလည်း သူနဲ့စကားပြောခဲ့တာပါ။ အိုနာနာကတော့ သူလုပ်ခဲ့တဲ့အမှားတွေအတွက် အရမ်းကိုလကျိုးကျိုးနွံနွံရှိပါတယ်။ မန်ယူမှာ ကစားရတာ ဘယ်လိုဆိုတဲ့အကြောင်း သူ့ကို ပြောပြဖို့ ကျွန်တော် ကြိုးစားခဲ့တာပါ။
ဘာအမှားပဲလုပ်လုပ် အဲဒါကို ခဏဘေးဖယ်ထားရမှာပါ။ ပွဲတစ်ပွဲမှာ အမှားလုပ်ခဲ့ရင် အဲဒီအမှားကို ကျွန်တော်တို့ မြင်နိုင်သလို မမြင်နိုင်တာလည်း ရှိမှာပါ။ ဒါပေမဲ့ ပွဲပြီးရင်တော့ အဲဒီအမှားအကြောင်းကို သေသေချာချာစဉ်းစား သုံးသပ်ရမှာပါ။
နောက်တစ်ခါမဖြစ်အောင်လို့ပေါ့။ အဲဒီလိုမှ မဟုတ်ရင် နောက်ထပ်အမှားလုပ်နေဦးမှာပါပဲ။ အခုဆို အိုနာနာကြောင့် တစ်သင်းလုံးက စိတ်ပျက်နေရပြီ။ အခု သူတို့က သူ့ကို ပိုပြီးယုံကြည်မှာ မဟုတ်တော့ဘူး။ အဲဒါက မကောင်းပါဘူး”လို့ ပီတာရှမိုက်ကယ်က ပြောခဲ့တ ဖြစ်ပါတယ်။