ဂီတာဖေး အတွက် ဂရင်းဝုဒ် ဂိုးစသွင်းပြီ၊ တစ်နှစ်ကျော် ကြာမှာ ဂိုးပြန်သွင်းရတဲ့ သရဲနီလေး
မန်ချက်စတာ ယူနိုက်တက်ကနေ ဂီတာဖေးအသင်းဆီ တစ်ရာသီအငှားနဲ့သွားရောက်ကစားနေတဲ့ မေဆန် ဂရင်းဝုဒ် ဟာ ဆယ်လ်တာဗီဂိုနဲ့ပွဲမှာ သူ့ကလပ်အသင်းသစ်အတွက် ပထမဆုံးဂိုး သွင်းယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒါဟာ ၁နှစ်ကျော် အကြာမှ ဂရင်းဝုဒ် တစ်ယောက် ဂိုးပေါက် ပြန်တွေ့သွားခဲ့တာလည်း ဖြစ်ခဲ့ပါတယ်။
အသက် ၂၂ နှစ်သာရှိသေးတဲ့ အင်္ဂလန်တောင်ပံတိုက်စစ်ကစားသမား ဂရင်းဝုဒ်ဟာ လူမှုရေးပြသနာကြောင့် ယူနိုက်တက် အသင်းနဲ့လမ်းခွဲထားရပြီး ဒီ နွေရာသီအပြောင်းအရွှေ့ဈေးကွက်အတွင်း ဂီတာဖေးအသင်းကို အငှားနဲ့ ရောက်ရှိခဲ့ပါတယ်။
ဘီလ်ဘာအိုနဲ့ပွဲတုန်းက ဂိုးဖန်တီးမှုပြုလုပ်ခဲ့တဲ့ ဂရင်းဝုဒ်ဟာ အခု ဆယ်လ်တာဗီဂိုနဲ့ပွဲ၊ ပထမပိုင်း ၃၃ မိနစ်မှာ ..

အသင်းဖော် ဘော်ယာမာယိုရယ် ဖန်တီးပေးတာကနေ ဂိုးသွင်းခဲ့တာဖြစ်ပြီး ဒါက ဂရင်းဝုဒ်အတွက် ၂၀၂၂၊ ဇန်နဝါရီလတုန်းက ဘရန့်ဖို့ဒ်နဲ့ပွဲနောက်ပိုင်း ၁ နှစ်ကျော်အကြာမှာ ပထမဆုံး သွင်းဂိုးလည်းဖြစ်ပါတယ်။
ဂီတာဖေးအသင်းဟာ အဝေးကွင်းမှာ ၂ ကြိမ်တိုင်တိုင် ဦးဆောင်နိုင်ပေမယ့် အနိုင်ဂိုးတွေကို မထိန်းနိုင်တာကြောင့် ဆယ်လ်တာဗီဂိုနဲ့ ၂-၂ ဂိုးစီ သရေကျခဲ့ပါတယ်။
ဂီတာဖေးအသင်းအတွက် အဖွင့်ဂိုးကို ပွဲအစ ၂ မိနစ်မှာပဲ ဘော်ယာမာယိုရယ်က သွင်းယူခဲ့ပြီး ဘော်ယာမာယိုရယ်ဟာ လာလီဂါနောက်ဆုံး ၇ ပွဲမှာ ၄ ဂိုးမြောက်သွင်းခဲ့တာဖြစ်ပါတယ်။
၂၄ မိနစ်မှာ ဘမ်ဘာက ချေပဂိုးပြန်သွင်းခဲ့သလို ၃၃ မိနစ်မှာတော့ ဂရင်းဝုဒ်က ဒုတိယဦးဆောင်ဂိုးသွင်းယူခဲ့ပေမယ့် ပထမပိုင်းပြီးခါနီးမှာ ဆယ်လ်တာဗီဂိုတိုက်စစ်မှူးလာဆင်က ဒုတိယချေပဂိုး သွင်းယူခဲ့ပါတယ်။
အခုပွဲမှာ ဂရင်းဝုဒ် သွင်းဂိုးဈေးဦးပေါက်သွားတဲ့အတွက် ကျေနပ်စရာဖြစ်ခဲ့ရပေမယ့် ဂီတာဖေးအသင်းကတော့ ဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေပြီး လာလီဂါနောက်ဆုံး ၄ ပွဲမှာ ၁ပွဲရှုံး၊ ၃ ပွဲသရေကျခဲ့ပါတယ်။