အေးဂျင့် ဂျော့မန်ဒက်စ် ကိုင်ထားတဲ့ ပေါ်တူဂီ လူငယ်ကြယ်ပွင့်လေးကို မန်ယူက ခေါ်ဖို့ ချိန်ရွယ်နေပါပြီ
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဘင်ဖီကာမှ ကွင်းလယ်လူ တက်သစ်စလူငယ်လေး ဂျာအိုနီဗက်စ်ကို ကင်းထောက်တွေ စေလွှတ်ကာ စောင့်ကြည့်နေပြီဖြစ်ပါတယ်။
နည်းပြ အဲရစ်တန်ဟတ်ဟာ အသက် ၁၉ နှစ်အရွယ် လူငယ်လေး နီဗက်စ်ရဲ့ အနေအထားကို စောင့်ကြည့် ဖို့အတွက် ကင်းထောက်တွေကို လွှတ်ထားပြီးဖြစ်တယ်လို့ အင်္ဂလန်သတင်းတွေက ဖော်ထုတ်လာတာပါ။

အဲရစ်တန်ဟတ်ဟာ ယူနိုက်တက်ကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်တဲ့ နေရာမှာ ပေါ်တူဂီနိုင်ငံတွင်းက ကစားသမား တော်တော်များများကို မျက်စိကျနေတာမျိုးရှိပြီး စပို့တင်းလစ္စဘွန်းနောက်ခံ လူ ဂွန်ကာလိုအီနာစီယိုကိုလည်း အနီးကပ် စောင့်ကြည့်နေပါတယ်။
နီဗက်စ် ဟာ အသက် ၁၉ နှစ်ပဲ ရှိသေးပေမဲ့ ဒီရာသီမှာတော့ ဘင်ဖီကာနဲ့အတူ အရောင်တွေ ထွက်လာပြီး နည်းပြ ရော်ဂျာရှမစ်ရဲ့အသင်းမှာ ပုံမှန်ပွဲထွက်ခွင့် ရနေသူပါ။
နည်းပြတန်ဟတ် လွှတ်ပေးထားတဲ့ ကင်းထောက်တွေ ဟာဆိုရင်လည်း နီဗက်စ်ကစားတဲ့ ပွဲတိုင်းလိုလိုကို စောင့်ကြည့်နေပြီး ပြီးခဲ့တဲ့ တစ်ပတ်တုန်းက အက်စ်တိုရီနဲ့ပွဲမှာဆိုရင်လည်း ပွဲကြည့်စင်ကနေ စောင့် ကြည့်နေခဲ့ပါတယ်။
နီဗက်စ်ဟာ လက်ရှိမှာ ပေါ်တူဂီကလပ်နဲ့အတူ ဒီရာသီ ၈ ပွဲဆက်တိုက် ပွဲထွက်ခွင့်ရနေတဲ့ ကစားသမားပါ။ ပေါ်တူဂီ ယူ-၂၁ လက်ရွေး စင် ကစားသမားဟာ စီရော်နယ်ဒိုရဲ့ စူပါအေးဂျင့်ဖြစ်တဲ့ ဂျော့မန်ဒက်စ်ရဲ့ ဦးဆောင်မှု အောက်မှာ ရှိနေပြီး အချိန်ကောင်းကို ရောက်တဲ့အခါ ပရီးမီးယားလိဂ် ကို ပြောင်းဖို့အတွက် တာစူနေတဲ့ ကစားသမားလည်းဖြစ်နေပါတယ်။
ဂျော့ မန်ဒက်စ်ဟာ စူပါအေးဂျင့် တစ်ယောက်ဖြစ်နေတဲ့အတွက် နီဗက်စ်ကိုလည်း ချဲလ်ဆီးကွင်းလယ်လူ အန်ဇို ဖာနန်ဒက်စ်လိုပဲ အရောင်တင်ပြီး ကြိုက်ဈေးရ မှ ရောင်းမယ့်သဘော ရှိနေတာကြောင့် မန်ယူဟာ နီဗက်စ်ကို ခေါ်ချင်တယ် ဆိုရင်တော့ ပြောင်းရွှေ့ကြေးပမာဏကို အင်နဲ့အားနဲ့ သုံးပြရမယ့် သဘောပါပဲ။
လက်ရှိမှာ အသင်းရဲ့ ရလဒ်ဆိုးတွေကြောင့် ပရီးမီးယားလိဂ် အမှတ်ပေး ဇယားရဲ့ အဆင့် ၁၀ နေရာကို ရောက်နေပေမဲ့လည်း မန်ယူအသင်း အကြီး အကဲတွေကတော့ နည်းပြတန်ဟတ်ကို လုပ်ပိုင်ခွင့် အပြည့်အ၀ ပေးထားပြီး
လာမယ့် ဇန်နဝါရီဈေးကွက်ထဲမှာလည်း ငွေထုတ်ပေးဖို့အတွက် အဆင်သင့် အနေအထားမှာ ရှိနေပါတယ်။ နယ်သာလန်သား နည်းပြဟာ ပြီးခဲ့တဲ့ အ ပြောင်းအရွှေ့ ဈေးကွက် ၂ ခုအတွင်းမှာတင် ပေါင်သန်း ၄၀၀ ကျော် သုံးပစ် ခဲ့ပြီး အသင်းကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့ပါတယ်။