လက်ရှိ အိုနာနာ နဲ့ ဒီဂီယာ မန်ယူ ရောက်ခါစ အခြေအနေ ကို နှိုင်းယှဉ် ပြောပြသွားတဲ့ သရဲနီဟောင်းကြီး ဖာဒီနန်
သရဲနီဟောင်းကြီး ရီယိုဖာဒီနန်က မန်ချက်စတာယူနိုက်တက် ဂိုးသမား အိုနာနာအနေနဲ့ လက်ရှိအခြေအနေဟာ ကောင်းမွန်တဲ့ တာထွက် မဟုတ်လို့ စိတ်ပျက်နေမှာ ဖြစ်ပေမယ့် ဒီဂီယာ ယူနိုက်တက် ရောက်စက အခြေအနေကို ဖော်ထုတ်ရင်း အားပေးစကား ဆိုသွားပါတယ်။
ယူနိုက်တက်နဲ့အတူ ခက်ခဲတဲ့ရာသီအစကို ဖြတ်သန်းနေရတဲ့ အိုနာနာဟာ အမျိုးမျိုးသော အမှားတွေ ကျူးလွန်မိထားပြီး ပြီးခဲ့တဲ့ စနေနေ့က ဘရန့်ဖို့ဒ်နဲ့ ပွဲစဉ်မှာလည်း တော်မီနေး ပွဲပြီးကာနီး အချိန်ပိုမိနစ်တွေမှာ ချေပဂိုးနဲ့အနိုင်ဂိုးတွေ သွင်းယူပေးခဲ့လို့ သက်သာရာရခဲ့ပါတယ်။
ရီယို ဖာဒီနန်က အိုနာနာ အား အခုလို သုံးသပ် အားပေးစကား ဆိုခဲ့တာပါ။

“သူ အဲဒီဘောလုံးကို ကာကွယ်နိုင်သင့်ပါတယ်။ လေ့ကျင့်ရေး အစီအစဉ်မှာဆိုနေ့တိုင်း အဲဒီလိုကာကွယ်မှုတွေပြုလုပ်ဖို့ လေ့ကျင့်နေတယ်လို့ ပီတာရှမိုက်ကယ်က ကျွန်တော့်ကိုပြောပါတယ်။ အခုချိန်မှာတော့ လူတွေက သူ့ရဲ့ အမှားတွေကြောင့် စိတ်ရှုပ်နေကြပါပြီ။
လူတိုင်းက သူ့အနေနဲ့ ပြန်လာနိုင်ပါ့မလားလို့ မေးခွန်းထုတ်နေကြပါပြီ။ ဒီဂီယာရောက်လာတုန်းက ကျွန်တော် အသင်းမှာ ရှိနေတုန်းပါ။ သူက ပို ငယ်ပေမယ့် သူလည်း ကောင်းကောင်းမစတင်နိုင်ခဲ့ပါဘူး။ ဒီဂီယာရဲ့ ပထမဆုံး ၁၀ ပွဲ လောက်ကလည်း အခုအိုနာနာရဲ့ စွမ်းဆောင်ရည်နဲ့အတူတူလောက်ပါပဲ။
အိုနာနာအနေနဲ့ သူ့ကိုယ်သူ “ဒါဟာ ငါလိုချင်တဲ့စတင်မှုမျိုးမဟုတ်ဘူး။ ဒါက ငါ့ရဲ့ ပုံမှန်စွမ်းဆောင်ရည်နဲ့ နည်းနည်းလေး တောင် မနီးစပ်ဘူး။ ယူနိုက်တက် လိုအပ်တဲ့ စံနှုန်းကလည်း ဒါမျိုးမဟုတ်ဘူး။ ငါ အကောင်းဆုံး ပြန်လာနိုင်ရမယ်” လို့ပြောနေမှာ သေချာပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလမှာ အင်တာမီလန်မှ ယူနိုက်တက်သို့ ပေါင် ၄၇ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ အန်ဒရေ အိုနာနာဟာ အိုးလ်ထရက်ဖို့ဒ်နဲ့စာချုပ်သက်တမ်း ကုန်ဆုံးသွားခဲ့တဲ့ ပရိသတ်အချစ်တော်ဂိုးသမား ဒေးဗစ် ဒီဂီယာနေရာမှာ အစားဝင်ရောက်လာခဲ့ပါတယ်။
မန်နေဂျာ အဲရစ်တန်ဟက်ရဲ့ စိတ်ကြိုက်ဂိုးသမား တစ်ဦးဖြစ်ပေမယ့် အိုနာနာဟာ လက်ရှိရာသီအစမှာ လက်စွမ်းပြဖို့ ရုန်းကန်နေရပြီး ပြီးခဲ့တဲ့ရာသီက အင်တာမီလန်ကို ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ ပို့ဆောင်နိုင်ခဲ့တဲ့ စွမ်းဆောင်မှုမျိုးနဲ့ ဝေးကွာနေခဲ့တာဖြစ်ပါတယ်။