လာမယ့် ဇန်နဝါရီမှာ ခေါ်ယူဖို့ မန်ချက်စတာ ယူနိုက်တက် ပစ်မှတ်ထားနေတဲ့ နောက်ခံလူ ၄ ဦး
မန်ချက်စတာ ယူနိုက်တက် နည်းပြ တန်ဟက်ဟာ ဘဏ္ဍာရေးဆိုင်ရာ အကန့်အသတ်ကြောင့် နွေတုန်းက မခေါ်ယူနိုင်ခဲ့တဲ့ ခံစစ်မှူး ကို လာမယ့် ဇန်နဝါရီမှာ ခေါ်ယူသွားဖွယ် ရှိနေပါတယ်။
နောက်နှစ် နွေမှာ မက်ဂွဲရား၊ အီဗန်စ်၊ လင်ဒီအော့ဖ် တို့ မန်ချက်စတာကနေ ထွက်ခွာသွာဖို့ ရှိနေသလို မာတီနက်စ်ရဲ့ ကြံ့ခိုင်မှု အခြေအနေကြောင့် ခံစစ်မှူးသစ် ခေါ်ယူရေးကို ဦးစားပေးအဖြစ် ယူနိုက်တက် တာဝန်ရှိသူတွေ ရည်မှန်းထားပါတယ်။

မန်ချက်စတာ ယူနိုက်တက် ရဲ့ ဒီရာသီ ပေးဂိုးကြမ်းနေတဲ့ မှတ်တမ်းဆိုးကို ချိုးဖျက်နိုင်ရေးမှာ ဂိုးသမား အိုနာနာ တစ်ဦးတည်း တင် မဟုတ်ဘဲ ခံစစ်ကြောင်း ကျစ်လစ် အားကောင်းဖို့ လိုအပ်ကြောင်း နည်းပြတန်ဟက်နဲ့ အသင်း တာဝန်ရှိသူတွေ ကောင်းကောင်း သဘောပေါက်ထားပုံပါ။
ယူနိုက်တက် ဟာ ဘောလုံးရာသီ ဒုတိယပိုင်းအတွင်း အင်အားဖြည့်မှု ပြုလုပ်ဖို့အတွက် အခုတည်းက ခံစစ်မှူးသစ်ကို စတင်ရှာဖွေနေပြီလို့ အပြောင်းအရွှေ့ ဂုရု ရိုမန်နို က ဖော်ထုတ်လာပါတယ်။
ယူနိုက်တက် စောင့်ကြည့်နေတဲ့ ခံစစ်မှူး ၄ ဦးကတော့ ပြင်သစ်ကလပ် နိုက်အသင်းမှ တိုဒီဘို၊ ဂျာမနီကလပ် လေဗာကူဆင်မှ တပ်ဆိုဘို၊ ပေါ်တူဂီကလပ် ဘင်ဖီကာမှ အန်တိုနီ ဆေးဗားနဲ့ စပို့တင်းမှ အန်နာဆီယိုတို့ပဲ ဖြစ်ကြပါတယ်။
ယူနိုက်တက်ဟာ အန်နာဆီယိုကို အတော်လေး သဘောကျနေပြီး ပေါ်တူဂီလိဂ်ထံ ကင်းထောက်လွှတ် စောင့်ကြည့်မှုပါ ပြုလုပ်ထားခဲ့တယ်လို့ သိရပါတယ်။ ယူနိုက်တက်ရဲ့ နောက်ထပ် ခေါ်ယူမှုဟာ ခံစစ်မှူးဖြစ်လာမယ့် အလားအလာတွေ များနေခဲ့ပြီ ဖြစ်ပါတယ်။