ဘာစီလိုနာ ရောင်းမယ့် ဂန်းနားပစ်မှတ်များ၊ စမစ်ရိုဝီ၊ ဟိုးဒင်းတို့နဲ့ ယနေ့ည အာဆင်နယ် သတင်းတိုများ

နယူးကာဆယ် နည်းပြသစ်ဖြစ်လာတဲ့ အက်ဒီဝုဒ်ကတော့ အာဆင်နယ်နောက်ခံလူ ဟိုးလ်ဒင်းကို ခေါ်ယူဖို့ စိတ်ဝင်စားလျက် ရှိနေပါတယ်။ ဟိုလ်ဒင်းဟာ အာဆင်နယ်မှာ နေရာရဖို့ ရုန်းကန်နေရပြီး ဇန်နဝါရီမှာ ရောင်းထုတ် ခံရဖွယ် ရှိနေတာပါ။ အာဆင်နယ်က သူ့အတွက် ပေါင် ၁၆.၂ သန်း ဈေးသတ်မှတ်ထားပါတယ်။

ဘာစီလိုနာ နည်းပြဖြစ်လာတဲ့ ဇာဗီအနေနဲ့ ဇန်နဝါရီဈေးကွက်မှာ အသင်းရဲ့လူစာရင်းကို ရှင်းထုတ်သွားဖို့ ရှိနေပါတယ်။ ဇာဗီ ရှင်းထုတ်မဲ့အထဲမှာ အာဆင်နယ်ပစ်မှတ်ထားနေတဲ့ ဂိုးသမား နက်တို၊ ကွင်းလယ်လူ ကော်တင်ညိုနဲ့ နောက်ခံလူ အမ်တီတီတို့လည်း ပါဝင်နေပါတယ်။

စကော့တလန်လက်ထောက်နည်းပြ ဂျွန်ကာဗာကတော့ အာဆင်နယ်နောက်ခံလူ တီယာနေးရဲ့ အခြေအနေဟာ ကောင်းမွန်နေပြီး အပြည့်အ၀ ပြေးလွှားနိုင်ပြီဖြစ်ကြောင်း၊ တီယာနေးဟာ လေ့ကျင့်ခန်း ကောင်းကောင်း ဆင်းနိုင်ခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။

အာဆင်နယ် တိုက်စစ်မှူး မာတင်နယ်လီအနေနဲ့ အသင်းမှာ ပွဲထွက်ခွင့် ပျောက်ဆုံးနေတဲ့အပေါ် မပျော်မရွှင်ဖြစ်နေပြီး ဇန်နဝါရီ အပြောင်းအရွှေ့မှာ အသင်းမှ ထွက်ခွင့် တောင်းဆိုဖွယ်ရှိနေတယ်လို့ သိရပါတယ်။ အာဆင်နယ်အနေနဲ့ မာတင်နယ်လီကို စာချုပ်သက်တမ်း တိုးလိုဖွယ် မရှိကြောင်းလည်း သတင်းတွေ ထွက်ပေါ်နေတာပါ။

အာဆင်နယ် လူငယ်ကြယ်ပွင့် စမစ်ရိုဝီ က သူ့အနေနဲ့ အင်္ဂလန် လက်ရွေးစင်မှာ ရွေးချယ်ခံရတဲ့အပေါ် “ကျွန်တော့်ရဲ့ အိပ်မက်တွေ အမှန်တကယ်ဖြစ်လာခဲ့ပါပြီ။ ကျွန်တော့်အနေနဲ့ ဒါကို မမျှော်လင့်ပါဘူး။ ယူ-၂၁ ကိုပဲသွားဖို့ ပြင်ဆင်နေခဲ့တာပါ။ ဒါက ကျွန်တော့်နဲ့ ကျွန်တော့်မိသားစုအတွက် ခမ်းနားတဲ့ အခိုက်အတန့်ပါ”လို့ ဖွင့်ဟခဲ့ပါတယ်။

အာဆင်နယ်အနေနဲ့ တိုက်စစ်မှူး လာကာဇက်ကို ဇန်နဝါရီအပြောင်းအရွှေ့မှာ ယူရို ၁၀ သန်းရရင်ပဲ ရောင်း ထုတ်တော့မှာ ဖြစ်ကြောင်း စပိန် မီဒီယာတွေက ဖော်ပြနေကြပါတယ်။

လာကာဇက် ရာသီကုန်မှာအလွတ်နဲ့ လက်လွှတ်ရမဲ့အရေးကို စိုးရိမ်လို့ အာဆင်နယ်က ဇန်နဝါရီမှာပဲ ရောင်းထုတ်ဖို့ ပြင်နေပြီး သူ့ကို အက်သလက်နဲ့ ဘာစီလိုနာတို့က စိတ်ဝင်စားနေကြပါတယ်။

အာဆင်နယ်အနေနဲ့ အေစီမီလန်ကွင်းလယ်လူ ကက်ဆီကို ခေါ်ယူဖို့ ပစ်မှတ်ထားလျက် ရှိနေပါတယ်။ အာဆင်နယ်ဟာ ဇန်နဝါရီမှာ ပါတေးကို လက်လွှတ်ရမှာကြောင့် ကွင်းလယ်လူတစ်ဦး ခေါ်ယူလိုနေတာပါ။