မကြာခင် မန်ချက်စတာ ယူနိုက်တက် ပြန်လာတော့မယ် လို့ ယုံကြည်နေတဲ့ ကွင်းလယ်လူ အမ်မရာဘတ်
မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ ဆိုဖီယန်အမ်မရာဘတ်က ဘရန့်ဖို့ဒ်ကို ၂-၁ နဲ့ အနိုင်ယူပြီး နိုင်ငံတကာပွဲစဉ်များ ကျင်းပတဲ့ ကာလကို ရလဒ်ကောင်းနဲ့ ဖြတ်သန်းနိုင်ခဲ့တဲ့ အတွက် မန်ယူ အသင်းဟာ မကြာမီမှာပဲ ပုံစံကောင်းရရှိလာမယ်လို့ ယုံကြည်နေပါတယ်။
ထိုပွဲစဉ်မှာ လူစားဝင်လာခဲ့တဲ့ ကွင်းလယ်ကစားသမားတိုမီနေးက နောက်ကျဂိုး ၂ ဂိုးကို ဆက်တိုက် သွင်းယူနိုင်ခဲ့ တာကြောင့် ယူနိုက်တက်တို့ဟာ လက်ရှိရာသီရဲ့ ၄ ပွဲမြောက်နိုင်ပွဲကိုဖော်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။
တန်ဟက်ရဲ့အသင်းဟာ ရာသီအစမှာ ခက်ခဲတဲ့ကာလကို ဖြတ်ကျော်နေရသော်လည်း ပြီးခဲ့တဲ့နွေရာသီကမှ အသင်းသို့ရောက်ရှိလာခဲ့တဲ့ အမ်မရာဘတ်ကတော့ ယူနိုက်တက်ဟာ ပုံစံကောင်းကိုပြန်လည်ရရှိတော့မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

အမ်မရာဘတ်က “ဘဝမှာပဲဖြစ်ဖြစ် ဘောလုံးလောကမှာပဲဖြစ်ဖြစ် ဘယ်သူမှ ထိပ်ဆုံးမှာအမြဲတမ်းရှိမနေနိုင်သလို အမြဲတမ်းလည်း ကောင်းမနေနိုင်ပါဘူး။ ခက်ခဲတဲ့အခိုက်အတန့်တွေနဲ့ သေချာပေါက်ကြုံရမှာပါ။ အခုယူနိုက်တက် ကြုံတွေ့နေရတာက အဲဒီလိုအခိုက်အတန့်မျိုးပါ။
ဒါပေမယ့် ကျွန်တော်တို့က အခုမှ အစပဲရှိပါသေးတယ်။ ရှည်လျားတဲ့ရာသီတစ်ခုကို ဖြတ်သန်းရဦးမှာပါ။ ပွဲကောင်းတွေအများကြီးကစားခဲ့ပြီး အပြုသဘောဆောင်တဲ့ အရာတွေအများကြီး ရှိခဲ့တယ်လို့ ထင်ပါတယ်။ ကံကြမ္မာရဲ့ဖေးမမှုကြောင့် ကျွန်တော်တို့ဟာ အနိုင်ရရှိဖို့ခက်ခဲခဲ့တဲ့ ပွဲစဉ်တွေကို အနိုင်ရရှိခဲ့ပါတယ်။
ဒါကြောင့် ကျွန်တော့်မှာ ယုံကြည်ချက်အပြည့်ရှိပြီး နေ့တိုင်းအလုပ်ကြိုးစားနေပါတယ်။ ဘယ်သူမှ ကျွန်တော်တို့ကို နိုင်ပွဲတွေ မပေးပါဘူး။ အနိုင်ရရှိဖို့ ကျွန်တော်တို့ အလုပ်ကြိုးစားရပါမယ်။ ကျွန်တော်တို့က အခုအကောင်းဆုံး ကြိုးစားနေကြတာကြောင့် မကြာခင်မှာပဲ ပုံစံကောင်းရရှိလာမယ်လို့ယုံကြည်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။