အိုနာနာ ဂိုးဖမ်းရာမှာ ရှိနေတဲ့ အားနည်းချက်ကို မန်ယူ နည်းပြ အဖွဲ့ဝင်တွေ ရှာတွေ့သွားပါပြီ၊ ဖော်ထုတ်လိုက်ပါပြီ
မန်ချက်စတာယူနိုက်တက် နည်းပြတွေဟာ ပြီးခဲ့တဲ့နွေရာသီကမှ အသင်းကိုရောက်ရှိလာပြီး ၁၁ ပွဲကစားထားကာ အမှားအယွင်း များစွာကျူးလွန်ထားတဲ့ ဂိုးသမားသစ် အန်ဒရေအိုနာနာနဲ့ ပတ်သက်ပြီး စိုးရိမ်စရာအားနည်းချက်တစ်ခုကို ဖော်ထုတ်နိုင်ခဲ့ကြပါတယ်။
အသက် ၂၇ နှစ်အရွယ် ဂိုးသမားဟာ အင်တာမီလန်မှ ယူနိုက်တက်သို့ ပေါင် ၄၇ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီး အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတဲ့ ဂန္ထဝင်ဂိုးသမား ဒေးဗစ်ဒီဂီယာနေရာမှာ အစားထိုး ဝင်ရောက် လာခဲ့တာဖြစ်ပါတယ်။

အိုနာနာဟာ ဘောလုံးကို ခြေထောက်ထဲမှာ ကိုင်ပြီးကစားနိုင်ပြီး အသင်းရဲ့နောက်တန်းစွမ်းဆောင်ရည်ကို တိုးတက် စေတဲ့ ဂိုးသမားမျိုး ဖြစ်တယ်လို့ အသင်းနည်းပြ အဲရစ်တန်ဟက်က ယူဆထားပြီး အသင်းရဲ့ကစားပုံကိုအရှိန်မြှင့်ရာမှာ ကူညီပေးနိုင်ဖို့ မျှော်လင့်ထားတာဖြစ်ပါတယ်။
သို့သော် လက်ရှိအချိန်မှာတော့ အိုနာနာဟာ အသင်းကိုအကူအညီပေးတာထက် ဂိုးသမားတစ်ယောက်ရဲ့ မမှားသင့်တဲ့အခြေခံအမှားတွေကိုပါ ထပ်တလဲလဲကျူးလွန်ပြီး ဒုက္ခတွေပေးထားမိတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အပတ်က ဘရန့်ဖို့ဒ်ကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ အိုနာနာဟာ ဘရန့်ဖို့ဒ်ကစားသမား ဂျန်ဆန်ရဲ့ အားမပါလှတဲ့ ကန်ချက်ကို သေသေသပ်သပ်မကာကွယ်နိုင်ခဲ့တာကြောင့် ယူနိုက်တက်တို့ ရှုံးပွဲနဲ့ကြုံတွေ့ရဖို့နီးစပ်ခဲ့ပါတယ်။
သို့သော် လူစားဝင်ကစားသမား ကွင်းလယ်လူတော်မီနေးရဲ့နောက်ကျ သွင်းဂိုးတွေကြောင့် ယူနိုက်တက်တို့ အနိုင်ရရှိခဲ့ပြီး အိုနာနာဟာလည်း ၎င်းရဲ့အမှားအတွက် ဝေဖန်မှုတွေကို ရှောင်လွှဲနိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့အပတ်ကသတင်းများအရ ယူနိုက်တက်နည်းပြတွေဟာ ကွင်းအတွင်း အိုနာနာရဲ့စိုးရိမ်စရာအချက်တစ်ခုအဖြစ် ဂိုးသမားဟာ တစ်ဖက်အသင်းရဲ့ ကန်ချက်တွေကို ကာကွယ်ကာရာမှာဂိုးစည်းနဲ့ အလွန်အမင်းကပ်နေတာကို ရှာဖွေတွေ့ရှိခဲ့ကြတယ်လို့သိရှိရပါတယ်။
၎င်းတို့ဟာ ဘိုင်ယန်မြူးနစ်နဲ့ပွဲစဉ်မှာ လီရွိုင်ဆာနေးရဲ့ အားမပါတဲ့ကန်ချက်ကို မကာကွယ်နိုင်ခဲ့ကတည်းက အိုနာနာရဲ့ စွမ်းဆောင်ရည်ကို အကဲဖြတ်ခဲ့ကြတာဖြစ်ပြီး ယခုအခါမှာတော့ အားနည်းချက်တစ်ခုကိုရှာဖွေတွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။
တန်ဟက်ရဲ့ပံ့ပိုးကူညီမှုတွေနဲ့အတူ အိုနာနာအနေနဲ့ နည်းစနစ်ပိုင်းဆိုင်ရာ ချွတ်ယွင်းချက်များကို ပြန်လည်ပြင်ဆင်ကာ တိုးတက်လာဖို့ရှိနေတယ်လို့ ယူဆနေကြပါတယ်။
ဂိုးသမား အိုနာနာ လည်း ယူနိုက်တက်ကစားသမားဘဝမှာ အောင်မြင်မြင်မှုရရှိဖို့ စိတ်ပိုင်းဖြတ်ထားပြီ ဖြစ်ပါတယ်။ နိုင်ငံ့လက်ရွေးစင် ကင်မရွန်းအသင်းနဲ့အတူ နောက်နှစ်မှာ ကျင်းပမယ့် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကိုလည်း လက်လွှတ်သွားဖွယ်မရှိပါဘူး။