ဇန်နဝါရီမှာ မက်ဂွိုင်းယား ကို ခေါ်ယူဖို့ အခုတည်းက စတင် လှုပ်ရှားနေပြီ ဖြစ်တဲ့ လန်ဒန်ကလပ် အသင်း
ဝက်စ်ဟမ်းက သူတို့အသင်းရဲ့ ခံစစ်ကြောင်း အတွက် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဗဟိုခံစစ်မှူး ဟယ်ရီ မက်ဂွိုင်းယားကို လာမယ့် ဆောင်းဈေးကွက်မှာ ခေါ်ယူရန် ပြင်ဆင်နေကြောင်း နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ အိုလ်လီက ဖော်ပြလာပါတယ်။
ယူနိုက်တက်နည်းပြဟောင်း မိုရက်စ် ကိုင်တွယ်နေတဲ့ ဝက်စ်ဟမ်းက ဒီရာသီမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အဆင့် ၇ နေရာကို သိမ်းပိုက်ထားနိုင်သလို ယူရိုပါလိဂ်ပြိုင်ပွဲမှာလည်း ၂ပွဲကစား ၂ပွဲ နိုင်ထားကာ အုပ်စုဗိုလ်အဖြစ် ရပ်တည်နေပါတယ်။

ဒါကြောင့်ပဲ ဝက်စ်ဟမ်းက ဒီရာသီမှာ ဥရောပဝင်ခွင့် တနေရာကို ရရှိဖို့ မျှော်လင့်နိုင်သလို ယူရိုပါလိဂ်ပြိုင်ပွဲမှာလည်း ကြီးမားတဲ့ အောင်မြင်မှုတွေ ရရှိဖို့ အခွင့်အလမ်း များပြားနေပါတယ်။
ပြိုင်ပွဲတွေမှာ ရလဒ်ကောင်းတွေ ရရှိနေသလို တဖက်မှာလည်း ဝက်စ်ဟမ်းရဲ့ တာဝန်ရှိသူတွေက အသင်းကို စဉ်ဆက်မပြတ် အားဖြည့်ဖို့ ဆုံးဖြတ်ထားပြီး ဝက်စ်ဟမ်းရဲ့ ဆောင်းဈေးကွက် နံပါတ်၁ ပစ်မှတ်ကတော့ အရည်အသွေးမြင့် ဗဟိုခံစစ်မှူး တဦးကို ခေါ်ယူဖို့ပဲ ဖြစ်ပါတယ်။
ESPN သတင်းဌာနရဲ့ အကြီးတန်း သတင်းထောက် တဦး ဖြစ်သလို ဝက်စ်ဟမ်းနဲ့လည်း နီးစပ်တဲ့ အိုလ်လီရဲ့ ဖော်ပြချက်အရ ဝက်စ်ဟမ်းရဲ့ တာဝန်ရှိသူတွေက ဆောင်းဈေးကွက် စဖွင့်တာနဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဗဟိုခံစစ်မှူး ဟယ်ရီ မက်ဂွိုင်းယားကို ခေါ်ယူနိုင်ဖို့ ယခုထဲက စတင် ကြိုးစားနေပြီး ဝက်စ်ဟမ်းဟာ မက်ဂွိုင်းယားကို ခေါ်ယူနိုင်လိမ့်မယ်လို့ ယုံကြည်နေကြောင်း သိရပါတယ်။
တဖက်မှာလည်း ယူနိုက်တက်မှာ ပုံမှန် ပွဲထွက်ခွင့် ရဖို့ ရုန်းကန်နေရတဲ့ ဟယ်ရီ မက်ဂွိုင်းယားက သူဟာ ပွဲကစားခွင့် မရရင် အသင်းပြောင်းမယ်လို့ ထုတ်ပြောထားပါတယ်။
မန်ချက်စတာ ယူနိုက်တက်ကလည်း ပြောင်းရွှေ့ကြေး ပေါင် ၃၀သန်း ဝန်းကျင် ရရှိရင် မက်ဂွိုင်းယားကို ရောင်းချဖို့ ပြင်ဆင်ထားတာကြောင့် ဝက်စ်ဟမ်းက မက်ဂွိုင်းယားကို အလွယ်တကူ ခေါ်ယူနိုင်ဖွယ် ရှိပါတယ်။