အမ်ဘာပေ အပါအဝင် ကမ္ဘာ့ထိပ်သီး ကြယ်ပွင့် ၃ ဦးကို မန်ယူအသင်း ခေါ်ယူမယ့် ကိစ္စ ပျက်ပြယ်သွားရပြီ

ပြီးခဲ့တဲ့ စနေနေ့ညနေမှာ မန်ချက်စတာယူနိုက်တက် အသင်း ပရိသတ်တွေအတွက် စိတ်ပျက်စရာ သတင်းတစ်ခု ကြားခဲ့ရပြီး အဲဒါကတော့ ရှိတ်ခ် ဂျက်ဆင်းနဲ့ ကာတာလုပ်ငန်းစုဟာ အိုးထရက်ဖို့ဒ်ကလပ်ကို ဝယ်ယူဖို့ ပြိုင်ပွဲကနေ နုတ်ထွက်လိုက်ပြီဆိုတဲ့သတင်းပါ။

ရလဒ်အနေနဲ့ ဗြိတိန်ဘီလျံနာ INEOS ဥက္ကဌ ဆာ ဂျင်မ် ရက်ကလစ်ဖ်က လက်ရှိမှာ မန်ချက်စတာယူနိုက်တက်ရဲ့ ရှယ်ယာ ၂၅ ရာခိုင်နှုန်းကို ဝယ်ယူဖို့ သဘောတူညီမှု ရရှိတော့မှာဖြစ်ပြီး ရှိတ်ခ် ဂျက်ဆင်းဟာ ဂလေဇာတွေနဲ့ သဘောတူညီမှုရဖို့ နောက်ဆုံး ကြိုးပမ်းမှု ပြုလုပ်ခဲ့ပေမယ့်လည်း သဘောတူညီမှု ရရှိခဲ့ခြင်းမရှိတာဖြစ်ပါတယ်။

ကာတာဘဏ်ဥက္ကဌရဲ့ မန်ချက်စတာယူနိုက်တက်ကို ဝယ်ယူမယ့် ပြိုင်ပွဲထဲကနေ နုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်တာကြောင့် သရဲနီတွေဟာ ကမ္ဘာ့အဆင့် ကြယ်ပွင့်ကစားသမား ၃ ဦးကို ပိုင်ဆိုင်ရမယ့် အရေးနဲ့ လွဲချော်သွားခဲ့ပြီဖြစ်ပါတယ်။

ရှိတ်ခ် ဂျက်ဆင်း ဘင် ဟာမက် အယ်လ်-သာနီရဲ့ အပြောင်းအရွှေ့ပစ်မှတ်စာရင်း ထွက်ပေါ်လာခဲ့ပြီး အဲဒီထဲမှာ ပီအက်စ်ဂျီကြယ်ပွင့် ကိုင်လီယန် အမ်ဘာပေလည်း ပါတယ်လို့ BILD က ဖော်ပြခဲ့ပါတယ်။

ပြင်သစ်တိုက်စစ်မှူးရဲ့ ပီအက်စ်ဂျီနဲ့ လက်ရှိစာချုပ်ဟာ ယခုရာသီကုန်မှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး ရီးရဲလ် မက်ဒရစ်ကို ပြောင်းရွှေ့ဖွယ်ရှိနေပေမယ့်လည်း ရှိတ်ခ် ဂျက်ဆင်းက အမ်ဘာပေကို အရခေါ်ယူဖို့ ၎င်းရဲ့ ငွေကြေးအင်အားကို အသုံးပြုဖို့ မျှော်လင့်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ရှိတ်ခ် ဂျက်ဆင်းဟာ အမ်ဘာပေရဲ့ လက်ရွေးစင်အသင်းဖော်တွေထဲက ၂ ဦးကိုပါ ပစ်မှတ်ထားခဲ့တယ်လို့ ဂျာမနီသတင်းဌာနက ဖော်ပြခဲ့ပြီး အဲဒီကစားသမားတွေကတော့ ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ ကာမာဗင်ဂါနဲ့ ဘိုင်ယန်မြူးနစ် တောင်ပံကစားသမား ကင်းစလေ ကိုမန်းတို့ဖြစ်တယ်လို့ သိရပါတယ်။

ဒီကစားသမား ၂ ဦးစလုံးရဲ့စာချုပ်ဟာ ၂၀၂၇ ခုနှစ်အထိ ကျန်ရှိနေသေးတာကြောင့် အရခေါ်ယူဖို့ကတော့ ခက်ခဲမှာဖြစ်ပြီး ကမာဗင်ဂါဟာ စပိန်ကို မပြောင်းရွှေ့ခင် ရင်းနေးမှာ ကစားနေတုန်းက မန်ချက်စတာ ယူနိုက်တက်ရဲ့ ပစ်မှတ်စာရင်းထဲမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။

အခုတော့ ကမ္ဘာ့ထိပ်သီး ကြယ်ပွင့် ၃ ဦး သရဲနီ ဖြစ်လာမယ့် အိပ်မက်ဟာ ရှိတ်ခ် ဂျက်ဆင်းနဲ့ အတူ မှေးမှိန် ပျောက်ကွယ်သွားရပြီ ဖြစ်ပါတယ်။