သန်း ၅ဝ ထိ ပေးရနိုင်တဲ့ ပေါ်တူဂီသား ကွင်းလယ် ကြယ်ပွင့်လေးကို ခေါ်ယူဖို့ မန်ချက်စတာ ယူနိုက်တက် စောင့်ကြည့်နေ
မန်ချက်စတာ ယူနိုက်တက်က အသင်းရဲ့ ကွင်းလယ်ပိုင်း အတွက် ဘင်ဖီကာရဲ့ လူငယ်ကြယ်ပွင့် ယာအို နီဗက်စ်ကို ခေါ်ယူရန် စောင့်ကြည့်နေကြောင်း သတင်းထွက်ပေါ်လာပါတယ်။
မန်ချက်စတာ ယူနိုက်တက်က ကွင်းလယ်ပိုင်းမှာ ဘရူနို ဖာနန်ဒက်စ်၊ မေဆန်မောင့်၊ အဲရစ်ဆင်၊ ကတ်စ်မဲရိုး၊ တော်မီနေး၊ ဗန်ဒီဘိခ်၊ အမ်မရာဘက် စတဲ့ စီနီယာ ကစားသမားတွေ အပြင် မက်ချ်ဘရီ၊ မိုင်နူးတို့လို လူငယ်ကြယ်ပွင့်တွေကိုလည်း ပိုင်ဆိုင်ထားပါတယ်။

ဒါပေမယ့် ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက လာမယ့် အပြောင်းအရွှေ့ ဈေးကွက်တွေမှာ ဗန်ဒီဘိခ်နဲ့ တော်မီနေးတို့ကို ရောင်းချဖို့ စီစဉ်ထားသလို အဲရစ်ဆင်၊ ကတ်စ်မဲရိုးတို့ကလည်း ကစားသမား ဘဝ နောက်ဆုံးအချိန်ကို ရောက်ဖို့ နီးကပ်လာတာကြောင့် လာမယ့် နွေဈေးကွက်မှာ အသင်းရဲ့ ကွင်းလယ်ကို အားဖြည့်ဖို့ စီစဉ်နေတာပါ။
တဖက်မှာတော့ အသက် ၁၉နှစ် အရွယ်သာ ရှိသေးတဲ့ ပေါ်တူဂီ လူငယ်ကြယ်ပွင့် ယာအို နီဗက်စ်က ကွင်းလယ်ခံစစ်နဲ့ ဗဟိုကွင်းလယ် နေရာတွေမှာ ကစားနိုင်စွမ်း ရှိပြီး သူက ဘင်ဖီကာ အတွက် ပြိုင်ပွဲစုံမှာ ၃၁ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၂ကြိမ် ရရှိထားပါတယ်။
နာမည်ကြီး ဂျာမန် သတင်းထောက် ပလက်တန်ဘက်ခ်ရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က နီဗက်စ်ကို စောင့်ကြည့်ဖို့ အတွက် ကင်းထောက်တွေ စေလွှတ်ခဲ့သလို ယာအို နီဗက်စ်ကို လာမယ့် နွေဈေးကွက်မှာ ခေါ်ယူဖို့ အတွက် စတင် စီစဉ်နေကြောင်း သိရပါတယ်။
ယာအို နီဗက်စ်က ဘင်ဖီကာနဲ့ ၂၀၂၈ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးသူ ဖြစ်ပြီး ဘင်ဖီကာကတော့ သူတို့ရဲ့ လူငယ်ကြယ်ပွင့် အတွက် ပြောင်းရွှေ့ကြေး ယူရို ၅၀သန်း ဝန်းကျင် အထိ တောင်းဆိုနိုင်ပါတယ်။