ပြိုင်ဘက်အသင်းသားတွေက ကွင်းထဲမှာ သူ့ကို ရည်ရွယ်ချက် ရှိရှိ ထိခိုက်အောင် လုပ်ခဲ့ကြောင်း ဟွိုင်လန်း ဖော်ထုတ်

မန်ချက်စတာ ယူနိုက်တက်နဲ့ ဒိန်းမတ်အသင်း တိုက်စစ်မှူး ဟွိုင်လန်းက ပြီးခဲ့တဲ့ ဆန်မာရီနိုနဲ့ပွဲမှာ ပြိုင်ဘက် ကစားသမားတွေဟာ သူ့ကို ရည်ရွယ်ချက် ရှိရှိ ပစ်မှတ်ထားပြီး ပြစ်ဒဏ်ကျူးလွန်ခဲ့ကြတယ်လို့ ဝေဖန် စွပ်စွဲ လိုက်ပါတယ်။

ယူရို-၂၀၂၄ ခြေစစ်ပွဲအဖြစ် ဆန်မာရီနိုနဲ့ကစားခဲ့တဲ့ အဝေးကွင်းပွဲမှာ ဒိန်းမတ်အသင်းက ၂-၁ ဂိုးနဲ့အနိုင်ယူပြီး ဟွိုင်လန်း ကလည်း ၁ ဂိုး သွင်းယူခဲ့တာကြောင့် ယူရိုခြေစစ်ပွဲမှာ ဟွိုင်လန်းရဲ့ စုစုပေါင်းသွင်းဂိုးက ၇ ဂိုးအထိ ရှိလာပြီ ဖြစ်ပါတယ်။

ပွဲချိန်အတွင်း ဆန်မာရီနိုကစားသမားတွေက သူ့ကို ဒဏ်ရာရအောင် ပစ်မှတ်ထားခဲ့တယ်လို့ ဟွိုင်လန်းက စွပ်စွဲခဲ့သလို ရုပ်သံပြကွက်အရလည်း ဟွိုင်လန်းရဲ့ စွပ်စွဲမှုက မှန်သလိုဖြစ်နေပါတယ်။

ရုပ်သံပြကွက်ထဲမှာ ဆန်မာရီနိုနောက်ခံလူတစ်ဦးက ဟွိုင်လန်းရဲ့ခါးကို အနောက်ကနေ သူ့ဒူးခေါင်းနဲ့ အသားလွတ် ဝင်တိုက်ခဲ့တာကို မြင်တွေ့ရပြီး ဒီလုပ်ရပ်ကြောင့် ဟွိုင်လန်းရဲ့ဒဏ်ရာဟောင်းကို ပြန်ထိခိုက်သွားစေနိုင်မယ့် အနေအထားမျိုးဖြစ်ခဲ့ပါတယ်။

ဟွိုင်လန်းဟာ နွေရာသီတုန်းက အတ္တလန်တာကနေ မန်ချက်စတာယူနိုက်တက်ကို ပေါင် ၇၂ သန်းနဲ့ပြောင်းရွှေ့ခဲ့ပြီး နောက်ကျောဒဏ်ရာကြောင့် အသင်းရဲ့ပွဲစဉ် ၃ ပွဲကို လွဲချော်ခဲ့ရပါတယ်။

ဆန်မာရီနိုနဲ့ပွဲအပြီးမှာ ဟွိုင်လန်းက “သူတို့ ကျွန်တော့်ကို ပစ်မှတ်ထားခဲ့တယ်လို့ ခံစားမိပြီး ဒီပွဲကို အစအဆုံး ကြည့်မယ်ဆိုရင် ကျွန်တော်ပြောတာကို နားလည်လောက်မှာပါ။

ကျွန်တော်က အီတလီစကား နားလည်တဲ့အတွက် ဆန်မာရီနိုကစားသမားတွေဟာ ကျွန်တော့်ကို လူချ ကစားဖို့ပြောနေတာ ကြားခဲ့ရပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဟွိုင်လန်းဟာ ဆန်မာရီနိုနောက်ခံလူက သူ့ကို အသားလွတ် ဒူးနဲ့ဝင်တိုက်တဲ့ရုပ်သံကို Instagram မှာ Post တင်ခဲ့ပြီး ‘ကောင်းလိုက်တဲ့ အားကစားစိတ်ဓာတ်’ဆိုပြီးတော့ Caption ရေးသား လှောင်ပြောင်ခဲ့ပါတယ်။

ဒါပေမဲ့လည်း ဆန်မာရီနိုနောက်ခံလူ အလက်ဆန်ဒရိုတိုစီကတော့ ဟွိုင်လန်းရဲ့စွပ်စွဲပြောဆိုမှုတွေအပေါ် ငြင်းဆန်ခဲ့ပြီး ဟွိုင်လန်းရဲ့အောင်ပွဲခံပုံကြောင့်သာ သူတို့ မကျေမနပ်ဖြစ်ခဲ့ရတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

ဟွိုင်လန်းဟာ ဂိုးသွင်းအပြီးမှာ ဆန်မာရီနို ကစားသမားတွေကို ‘တိတ်တိတ်နေ’ဆိုတဲ့ သဘောနဲ့ လက်ညှိုးကို နှုတ်ခမ်းနား ကပ်ပြီး အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။

အဲဒါကြောင့် အလက်ဆန်ဒရိုတိုစီက “ဟွိုင်လန်းပြောတာတွေက တစ်ခုမှ မမှန်ပါဘူး။ သူ့ရဲ့ဂိုးသွင်းအပြီး အောင်ပွဲခံပုံက သိပ် အထာမကျဘူးလို့ ကျွန်တော်တို့ ဟွိုင်လန်းကို သွားပြောခဲ့တာပဲ ရှိပါတယ်။

ဟွိုင်လန်းကို ကျွန်တော် လေးစားမှုရှိပေမယ့် အခုထက် ပိုပြီးတော့ ရင့်ကျက်တဲ့အပြုအမူမျိုး လုပ်ပြသင့်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။