တာထွက် သိပ်မလှသေးပေမယ့် ယူနိုက်တက်မှာ ကောင်းမွန်တဲ့ အစ ပိုင်ဆိုင်ထားပြီ ကြွေးကြော်သွားတဲ့ မေဆန်မောင့်
မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ မေဆင်မောင့်က ၎င်းဟာ အိုးလ်ထရက်ဖို့ဒ်မှာကောင်းမွန်တဲ့ စတင်မှုကို ပိုင်ဆိုင်ထားပြီး အသင်းရဲ့ ဂန္ထဝင်နံပါတ်ဖြစ်တဲ့ ကျောနံပါတ် ၇ အင်္ကျီကိုဝတ်ဆင်ရခြင်းရဲ့ဖိအားကိုလည်း နှစ်သက်ကြောင်း ပြောကြားလာခဲ့ပါတယ်။
မောင့်ဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလက ချဲလ်ဆီးအသင်းနဲ့ စာချုပ်ကိစ္စ အငြင်းပွားမှုဖြစ်ပွားပြီးနောက် ယူနိုက်တက်သို့ ပေါင်သန်း ၆၀ နဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။

လက်ရှိချိန်အထိတော့ အင်္ဂလန်လက်ရွေးစင် ကစားသမားဟာ ယူနိုက်တက်နဲ့အတူ ခက်ခဲတဲ့ရာသီစတင်မှုမှာ ရုန်းကန် နေရပြီး ပရီးမီးယားလိဂ်မှာ ၄ ပွဲသာ ကစားထားရသေးတာဖြစ်ပါတယ်။
ကွင်းလယ်လူဟာ ခရစ္စတယ်ပဲလေ့စ်ကို ၃-၀ နဲ့အနိုင်ရရှိခဲ့တဲ့ ကာရာဘောင်ဖလား ပွဲစဉ်မှာသာ ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်မှာတော့ ဂိုးသွင်းယူနိုင်ခြင်းမရှိတဲ့အပြင် ဂိုးဖန်တီးမှုလည်းပြုလုပ်ထားနိုင်ခြင်းမရှိသေးပါဘူး။
သို့သော်လည်း မေဆင်မောင့်ကတော့ အိုးလ်ထရက်ဖို့ဒ်မှာတောက်ပတဲ့ ကစားသမားဘဝစတင်မှုကိုရရှိနေပြီလို့ အခိုင်အမာ ပြောကြားလာခဲ့ပါတယ်။
၎င်းက “ဒါဟာကောင်းမွန်တဲ့ စတင်မှုတစ်ခုပါ။ ကျွန်တော်ဆိုလိုတာက ကျွန်တော်ဟာ အသင်းနဲ့ အပြည့်အဝ ပေါင်းစည်းနိုင်ပြီး မန်နေဂျာကစားလိုတဲ့ပုံစံကိုလည်း သဘောပေါက်ပါတယ်။ အသင်းဖော်တွေရဲ့ ကစားပုံတွေကိုတော့ လေ့လာနေတုန်းရှိပါသေးတယ်။
အပြန်အလည်နားလည်မှုရှိဖို့ ကျွန်တော်တို့ အချိန်တစ်ခုယူရပါတယ်။ ကျွန်တော့်ရဲ့ လက်ရှိစွမ်းဆောင်ရည်ကို မြှင့်တင်ချင်ပေမယ့် အချိန်ကြာလာတာနဲ့အမျှ တိုးတက်လာမယ်လို့ထင်ပါတယ်။ ပြီးတော့ အသင်းလိုက် စွမ်းဆောင်ရည်ကလည်း တဖြည်းဖြည်းတိုးတက်လာမှာပါ” လို့ပြောကြားခဲ့ပါတယ်။
မောင့်ဟာ အိုးလ်ထရက်ဖို့ဒ်သို့စတင်ရောက်ရှိလာချိန် နွေရာသီကတည်းက ယူနိုက်တက်ရဲ့ ဂန္ထဝင်ကျောနံပါတ် ၇ အင်္ကျီကို ဝတ်ဆင်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် ကစားသမားဟာ အဆိုပါနံပါတ်ကို ဝတ်ဆင်ခဲ့ကြတဲ့ ဒေးဗစ်ဘက်ခမ်း၊ ခရစ္စတီယာနိုရော်နယ်ဒိုနဲ့ အဲရစ်ကန်တိုနာတို့ရဲ့ခြေရာကို နင်းနိုင်ဖို့ကြိုးစားသွားရမှာ ဖြစ်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။