ဘော်ဘီချာလ်တန် ဂုဏ်ပြု အနိုင်ပွဲ၊ ဒါလော့ ဝမ်းမြောက် စကားနဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ရှက်ဖီးကို အဝေးကွင်းမှာ နိုင်တဲ့ပွဲ

မန်ချက်စတာ ယူနိုက်တက် အသင်းအနေနဲ့ သူတို့ရဲ့ လူမစုံတဲ့ ပြဿနာတွေက ထုံးစံအတိုင်း နှိပ်စက်နေပေမယ့်လည်း ဒီနေ့မှာတော့ အဓိက ကစားသမားတွေထဲက ဘရူနို ဖာနန်ဒက်စ်၊ ဟွိုင်လန်း၊ မက်တော်မီနေး၊ အန်တိုနီ၊ ရက်ရှ်ဖို့ဒ်တို့ ပွဲထွက်လာနိုင်ခဲ့ချိန်မှာ အဖိုးတန် အဝေးကွင်းနိုင်ပွဲကိုလည်း ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် ရှက်ဖီးလ်ဒ်ယူနိုက်တက်တို့ကတော့ သူတို့ရဲ့ အကောင်းဆုံး လူစာရင်းထဲက ဘော့စနီးယားသား အာမက် ဟော့ဂျစ်ချ်တစ်ဦးတည်းကိုသာ အသုံးမပြုနိုင်ဘဲ ရှိခဲ့ပြီး အိမ်ကွင်းအားနဲ့ မန်ယူတို့ဆီကနေ ရမှတ်ခွဲယူနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် ကစားသမားကွာလတီပိုင်းမှာတော့ ကွာဟချက် ကြီးမားနေခဲ့တာပါ။

စနေနေ့ မနက်ခင်းအချိန်မှာ မန်ယူဂန္ထဝင် ကစားသမားဟောင်းကြီး ဘော်ဘီချာလ်တန် ကွယ်လွန်သွားခဲ့တာကြောင့် ဒီပွဲမှာ အနိုင်ယူပြီး သရဲနီ ဂန္ထဝင်ကြီးကို ဂုဏ်ပြုဖို့လည်း မန်ယူ နည်းပြ တန်ဟက်က ပွဲမတိုင်ခင် ကစားသမားတွေကို မှာကြားခဲ့တာရှိပါတယ်။

ဒီပွဲမှာ အရင်ဆုံး ဂိုးသွင်းပေးတဲ့သူ က တော်မီနေးဖြစ်ပေမယ့် သိပ်မကြာခင်မှာပဲ ချေပဂိုးပြန်ပေးလိုက်ရပြီး မန်ယူဟာ ဒုတိယပိုင်းကျမှ ဒါလော့ရဲ့ အနိုင်ဂိုးကြောင့် နိုင်ပွဲရခဲ့တာဖြစ်ပါ တယ်။

ဒီပွဲမှာဆိုရင် မန်ယူရဲ့ ကစားပုံဟာ အကောင်းဆုံးပုံစံ မဟုတ်ပေမယ့် ဒုတိယပိုင်းမှာတော့ ယူနိုက်တက်ဟာ ဟန်ချက်ညီလာခဲ့ပြီး လင်ဒီလော့ဖ်ရဲ့ ပေးပို့မှုကနေတစ်ဆင့် ဒါလော့က ပင်နယ်တီဧရိယာ အပြင်ဘက်ကန်ချက်နဲ့ အတူ အနိုင်ဂိုး သွင်းနိုင်ခဲ့တာပါ။

ဒီပွဲနဲ့အတူ အစားထိုးလို့မရနိုင်တဲ့ ဂန္ထဝင် ကစားသမားကြီးကို ဂုဏ်ပြုခွင့်ရတဲ့အတွက် ဒီနိုင်ပွဲဟာ မန်ယူအတွက် အရမ်းကို အရေးပါတဲ့ နိုင်ပွဲတစ်ပွဲလည်း ဖြစ်ခဲ့ပါတယ်။

ဒီဂိုးကို ဒါလော့တစ် ယောက် သွင်းယူချိန်မှာ ဂိုးသမားက ပုတ်ထုတ်တာမျိုးရှိခဲ့ပေမဲ့ ဂိုးဝင်သွားတဲ့ အချိန်မှာ ပရိသတ်တွေ အောင်ပွဲခံတာကို မြင်လိုက်ရတဲ့အခါ အရမ်းကို ပျော်သွားခဲ့ရကြောင်း ပွဲ အပြီးမှာ ဒါလော့က ဆိုပါတယ်။

” ဂိုးသမားရဲ့လက်က အရမ်း ကို ကပ်သွားခဲ့တာ ကျွန်တော် မြင်လိုက်ရတယ်။ ဒါကြောင့် သူတော့ ပုတ် ထုတ်လိုက်ပြီလို့တောင် ထင်မိခဲ့တာပါ။ ဒါပေမဲ့ ဘောလုံးက ဂိုးထဲဝင်သွားခဲ့ ပြီး

ဂိုးနောက်မှာရှိနေတဲ့ ပရိသတ်တွေအောင်ပွဲခံတဲ့ပုံကို မြင်လိုက်ရတာက တကယ့်ကို စိတ်လှုပ်ရှားစရာ ကောင်းလွန်းတဲ့ အခိုက်အတန့်လို့ ကျွန်တော် ထင်ပါတယ်။

ဒါဟာ ဆာဘော်ဘီချာလ်တန်နဲ့ သူ့ရဲ့ မိသားစုဝင်တွေကို ရည် ညွှန်းဂုဏ်ပြုရမယ့် အခွင့်အရေးလို့လည်း ကျွန်တော် မြင်တယ်။ ဒီနေ့ဟာ အသင်းအတွက် အရမ်းကို ကြေကွဲစရာကောင်းတဲ့ နေ့တစ်နေ့ ဖြစ်ခဲ့တယ်။

ဒါပေမဲ့ ကျွန်တော်တို့ လုပ်နိုင်တာနဲ့ အကောင်းဆုံး ဂုဏ်ပြုပေးနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ အသင်းလည်း နိုင်ပွဲရခဲ့ပြီး ၃ မှတ်လည်းရခဲ့တယ်လေ” လို့ ဒါလော့က ရှက်ဖီးယူနိုက်တက်နဲ့ ပွဲအပြီးမှာ MUTV ကို ပြောသွားခဲ့တာပါ။

ဒါလော့ရဲ့ သွင်းဂိုးအပြီးမှာတော့ မန်ယူရဲ့ ကစားသမားတွေဖြစ်တဲ့ ရက်ရှ်ဖို့ဒ်၊ မာရှယ်၊ အဲရစ်ဆင်၊ ဂါနာချို၊ ဗာရန်း၊ ဟန်နီဘယ်တို့အကုန်လုံး ကွင်းဘေး စည်း အပြင်မှာ ဝိုင်းအုံပြီး အောင်ပွဲခံသွားခဲ့ကြပါတယ်။