ရှက်ဖီးကို နိုင်တဲ့ ပွဲ အပြီးမှာ နည်းပြတန်ဟက် အမည်တပ် ထုတ်ဖော် ချီးကျူးခဲ့ရတဲ့ မန်ယူ အသင်းသား ၂ ဦး
မန်ချက်စတာ ယူနိုက်တက်ဟာ စနေနေ့ညက ပရီးမီးယားလိဂ် ပွဲ အဖြစ် ရှက်ဖီးယူနိုက်တက် အသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ခဲ့ရာ ၂-၁ နဲ့ အဖိုးတန် နိုင်ပွဲကောင်း ရခဲ့ပါတယ်။ ဂိုးတွေကိုတော့ တော်မီနေးနဲ့ ဒါလော့တို့က သွင်းခဲ့တာပါ။
ဒီနိုင်ပွဲ အပြီးမှာ မန်ယူ နည်းပြ တန်ဟက်က သူ့ ကစားသမား ၂ ဦးကို အမည်တပ်ပြီး ချီးကျူးမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

ဒီပွဲမှာ ယူနိုက်တက်ရဲ့ ဗဟိုနောက်ခံလူ မက်ဂွဲရားက အတော် ခြေစွမ်းပြနိုင်ခဲ့ပြီး ပွဲစဉ် အကောင်းဆုံး ကစားသမားဆုပါ ရခဲ့ပါတယ်။
ယူနိုက်တက် နည်းပြ တန်ဟက်ကတော့ မက်ဂွဲရားရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သတ်ပြီး
” မက်ဂွဲရား က ဒီပွဲ အကောင်းဆုံး ကစားသမား ဆု ကို ထိုက်ထိုက်တန်တန် ရသွားတယ်လို့ ကျွန်တော် မြင်ပါတယ်။ သူက တကယ်ကို ပွဲကော်ငး ကစားခဲ့တာ။ ပွဲကိုလည်း ကောင်းကောင်း ဖတ်နိုင်ခဲ့တယ်။ သူ့ရဲ့ စွမ်းဆောင်ရည်ကို အားရမိသလို နိုင်ပွဲရတဲ့ အတွက် ပျော်ရွှင် ကျေနပ်မိပါတယ်။ ” လို့ တန်ဟက်က အင်္ဂလန်သား နောက်ခံလူအား ချီးကျူးခဲ့ပါတယ်။
အင်္ဂလန်သား ခံစစ်မှုးဟာ ဒီပွဲမှာ ဘောလုံး ထိချက် ၁၀၄ ကြိမ်၊ ဘောလုံး ပေးပို့မှုက ၉၃ ကြိမ်မှာ ၇၆ ကြိမ် ပြီးစီးပြီး အဝေးဘော ပေးပို့မှုကလည်း ၁၃ ကြိမ် အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပါတယ်။
တစ်ဦးချင်း ဘောလုံး ယှဉ်လုမှု ၁၁ ကြိမ်မှာလည်း ၆ ကြိမ် အနိုင်ရခဲ့ကာ အရေးပါတဲ့ ရှင်းလင်းမှု ၃ ကြိမ် လုပ်ဆောင်နိုင်ခဲ့ပါတယ်။
မက်ဂွဲရား အပြင် တစ်ဂိုး သွင်းပေးခဲ့တဲ့ တော်မီနေးနဲ့ ပတ်သတ်ပြီးလည်း တန်ဟက် က ” စကော့ မက် တော်မီနေးက တကယ်ကို တော်တဲ့ ဖိုက်တာ တစ်ယောက်ပါ။ သူက အချိန်ကိုက် ဆိုသလို အသင်းအတွက် ရောက်လာခဲ့ပြီး သွင်းသွားတဲ့ ဂိုးကလည်း အတော် ကောင်းပါတယ်။ ” လို့ ဆက်လက် ချီးကျူးစကား ဆိုခဲ့ပါတယ်။