ပြိုင်ဘက် မန်ယူအသင်းရဲ့ မဟာ အားသာချက်ကြီးကို သိထားကြောင်း ပွဲကြိုမှာ ပြောလိုက်တဲ့ ကိုပင်ဟေဂင် နည်းပြ
ဒီည အိုးထရက်ဖို့ဒ် ကွင်းမှာ မန်ချက်စတာ ယူနိုက်တက်နဲ့ ယှဉ်ပြိုင်ကစားရမယ့် ချန်ပီယံလိဂ် ပွဲမတိုင်ခင် ပွဲကြို ရှင်းလင်းပွဲ မှာ ကိုပင်ဟေဂင် နည်းပြ Jacob Neestrup က ပြိုင်ဘက် ယူနိုက်တက်မှာ အားသာချက်ကြီး ရှိနေကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
ဒိန်းမတ်ကလပ် နည်းပြကတော့ ဒီပွဲမှာ ယူနိုက်တက် တိုက်စစ်မှူး ဟွိုင်းလန်ကို ထိန်းနိုင်ဖို့ ခက်ခဲမယ်ဆိုတာ သိထားသလို ထိပ်တန်းအသင်းကို ရင်ဆိုင်ရမှာ ဖြစ်ပေမယ့် ရလဒ်တစ်ခုအတွက် တိုက်ခိုက်ပြလိုစိတ် ပြင်းထန်နေပါတယ်။

ကိုပင်ဟေဂင် အသင်း ရဲ့ နည်းပြက ‘ ဟွိုင်လန်းက မန်ချက်စတာ ယူနိုက်တက် လူစာရင်းရဲ့ အကြီးမားဆုံး အားသာချက်ပဲ ဆိုတာ ကျနော်တို့ သိပါတယ်။ ကျန်တာကတာ့ ကျနော်တို့ ကိုယ့်ပုံစံနဲ့ကိုယ် သွားဖို့ပဲ လိုတာပါ။
ဒိန်းမတ်လိဂ်မှာ ပုံမှန် ကစားနေသလောက် ဘောလုံးထိရတာမျိုး ဒီပွဲမှာ ရမှာ မဟုတ်ဘူးဆိုတာကို သိပါတယ်။ ဒါပေမယ့် ဘောလုံးကစားခွင့်ရချိန်မှာ ကျနော်တို့လည်း ဘောလုံးကစားနိုင်တဲ့ အသင်းပါ ဆိုတာကို ပြသသွားဖို့ လိုပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ မြန်နှုန်းမြင့်တဲ့ ကစားသမားတွေ၊ ထိပ်တန်းအဆင့် ကစားသမားတွေ အများကြီး ရှိနေတဲ့ အသင်းတစ်သင်း ဖြစ်ပါတယ်။
ဒိန်းမတ်ဘောလုံးလောကနဲ့ ကိုပင်ဟေဂင်အသင်းအတွက် သိပ်ကို အရေးကြီးတဲ့ ပွဲစဉ် ဖြစ်သလို မန်နေဂျာ တစ်ယောက်အနေနဲ့ ၉၅ မိနစ် ယှဉ်ပြိုင်ရမယ့် အဝေးကွင်းပွဲမှာ ရလဒ် တစ်ခု ယူနိုင်ဖို့ လိုအပ်ပါတယ်။’ လို့ ပြောဆိုသွားပါတယ်။
တန်ဟက်ရဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ ချန်ပီယံလိဂ်မှာ ရမှတ် လုံးဝ မရထားတာမို့ ဒီပွဲမှာ အနိုင် ၃ မှတ် ရဖို့ အစွမ်းကုန် အားထုတ်လာဖို့ ရှိနေပါတယ်။