အလှောင်ခံ ဂေါင်းကြီးနဲ့ အိုနာနာတို့ အစွမ်းတွေကြောင့် ကိုပင်ဟေဂင်ကို မန်ချက်စတာ ယူနိုက်တက်တို့ အနိုင်ယူ ၃ မှတ်ပြည့် စရတဲ့ ပွဲ အကြောင်း

မနေ့ညက အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ကိုပင်ဟေဂင်တို့ရဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ယူနိုက်တက်က မက်ဂွိုင်းယားရဲ့ တစ်လုံးတည်းသောသွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် ယူနိုက်တက်တို့ ဒီရာသီ ချန်ပီယံလိဂ်မှာ ပထမဆုံး နိုင်ပွဲကို ရရှိခဲ့ပါတယ်။

မန်ယူ အသင်းအနေနဲ့ ဒီနေ့ပွဲကို ဘယ်နောက်ခံလူ စစ်စစ်နဲ့ ပထမဆုံးအကြိမ် ပုံစံတကျ ပြန်ကစားခွင့်ရခဲ့တာဖြစ်ပြီး ဂိုးသမား အိုနာနာ၊ ခံစစ်မှာ ဗာရွန်း၊ မက်ဂွိုင်းယား၊ ဒါလော့နဲ့ ရက်ဂီလွန်၊ ကွင်းလယ်မှာ အမ်မရာဘတ်၊ မက်တော်မီနေးနဲ့ ဘရူနို ဖာနန်ဒက်စ်၊ တိုက်စစ်မှာ အန်တိုနီ၊ ရက်ရှ်ဖို့ဒ်နဲ့ ဟွိုင်လန်းတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

မန်ယူတို့ရဲ့ ကွင်းလယ်မှာ အမ်မရာဘတ်က ခုချိန်အထိ အသားမကျနိုင်သေးတာကို တွေ့ရပြီး ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကွင်းလယ်စိုးမိုးမှုကို အရမယူနိုင်ခဲ့သလို ခံစစ်နဲ့ ကွင်းလယ်ကြားက ကွက်လပ်ကလည်း မကြာခဏ လွတ်နေခဲ့ပြီး တန်ဟတ်အနေနဲ့ သူ့ရဲ့ အသင်းကို Shape တည်ငြိမ်အောင် မလုပ်နိုင်သေးတာကိုလည်း တွေ့ခဲ့ရပါတယ်။

ကိုပင်ဟေဂင်တို့ရဲ့ ကောင်တာတွေက အိမ်ရှင် အသင်းကို အသက်ရှူမှားစေခဲ့သလို ဘယ်ခြမ်းက မက်ဂွိုင်းယားနဲ့ ရက်ဂီလွန်တို့ကြားမှာလည်း အတက်အဆင်းကို နားလည်မှု လိုအပ်နေသေးတာကြောင့် မကြာခဏ ထိုးနှက်ခံနေခဲ့ရပြီး တိုက်စစ်ကို ပြန်သွားရာမှာတော့ ဟွိုင်လန်းအနေနဲ့ လိုအပ်တဲ့ နေရာတွေကို ပြေးဝင်ဖို့ နောက်ကျနေတာတွေက သူတို့ကို ဂိုးရဖို့ ခက်စေခဲ့ပြီး ပထမပိုင်းမှာ ဘဲဥမကွဲခဲ့ကြတာပါ။

ဒုတိယပိုင်း ပြန်အစမှာတော့ မန်ယူတို့ဘက်က အလုပ်မဖြစ်တဲ့ အမ်မရာဘတ်အစား အဲရစ်ဆန်ကို လူစားသွင်းလာခဲ့လို့ ကစားပုံ အချိတ်အဆက် ပိုမိလာခဲ့ပေမယ့် ကာစီမီရိုလို မကစားတတ်ကြတဲ့ ကွင်းလယ်အဖျက်ကတော့ ပျောက်မြဲပျောက်ဆဲဖြစ်လို့ အိုနာနာ အလုပ်များခဲ့ရပြီး ဒီနေ့ပွဲမှာ ပြန်ပါခဲ့တဲ့ ရက်ဂီလွန်ကလည်း အတော်လေး ညံ့နေခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၄၉ မိနစ်မှာ ကိုပင်ဟေဂင်ဘက်က လီရာဂါရဲ့ အပိုင်ကန်ချက်ကို အိုနာနာ ကာကွယ်သွားခဲ့သလို ၅ မိနစ် အကြာမှာတော့ အဲရစ်ဆန်ရဲ့ ဧရိယာထဲက အနီးကပ် ကန်ချက်ကိုလည်း တစ်ဖက်ဂိုးသမား ဂရာဘာရာ ကာကွယ်သွားခဲ့လို့ နှစ်ဖက်စလုံး ဂိုးရဖို့ ဝေးခဲ့ကြပြီး ရက်ရှ်ဖို့ဒ်နဲ့ လူစားဝင် ဂါနာချိုတို့ကတော့ ကောင်တာတွေကနေ ဘောလုံးဆွဲပြေးရာမှာ ဂိုးသွင်းဖို့ထက် ကိုယ့်အရှိန်ကိုယ်မထိန်းနိုင်ဘဲဖြစ်နေခဲ့ကြတာပါ။

ပွဲချိန် ၇၂ မိနစ်မှာတော့ မန်ယူတို့ တစ်လုံးတည်းသော ဂိုးကို ရရှိခဲ့ကြပြီး ဒီဂိုးကိုတော့ ဘရူနို ဖာနန်ဒက်စ်ရဲ့ ညာထောင့်ကန်ဘောကို ရှင်းထုတ်ခံခဲ့ရရာကနေ အဲရစ်ဆန်က နောက်တစ်ကြိမ် ဂိုးရှေ့ကို ဖြတ်တင်ပေးခဲ့ရာမှာတော့ ကိုပင်ဟေဂင်ခံစစ်ကြားကနေ တိုက်စစ်မှူး တစ်ယောက်လို ကွက်တိနေရာယူနိုင်ခဲ့တဲ့ မက်ဂွိုင်းယားက အနီးကပ် မြေထောက်ခေါင်းတိုက်ချက်နဲ့ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာတော့ ဂါနာချိုနဲ့ မက်တော်မီနေးတို့ အပိုင်အခွင့်အရေးတွေကို ဖြုန်းတီးပစ်ခဲ့ကြသလို နာကျင်အချိန်ပို နောက်ဆုံး မိနစ်မှာတော့ ပုဇွန်ခေါင်း တုတ်ကြီးရဲ့ ဧရိယာထဲမှာ မဆင်မခြင် ခြေထောက်မြှောက်ဝင်တာကြောင့် ပင်နယ်တီ ပေးခဲ့ရပေမယ့် အိုနာနာက ကိုပင်ဟေဂင် တိုက်စစ်မှူး လာဆန်ရဲ့ ကန်ချက်ကို မှန်မှန်ကန်ကန် ခန့်မှန်းကာကွယ်သွားခဲ့တာပါ။

ဒါကြောင့် ပွဲချိန်အပြည့်မှာတော့ လိုအပ်နေတဲ့ နိုင်ပွဲတစ်ပွဲကို မန်ချက်စတာယူနိုက်တက်တို့ တစ်ဂိုး-ဂိုးမရှိနဲ့ ရှာဖွေနိုင်ခဲ့သလို အနှိမ်ခံ အလှောင်ခံတွေဖြစ်ကြတဲ့ ဂေါင်းကြီးနဲ့ ကင်းမရွန်းသားတို့ရဲ့ အစွမ်းတွေနဲ့ အိုးလ်ထရက်ဖို့ဒ်က ညတစ်ညကတော့ လှပခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။