ဒီဂီယာ ကို ပြန်ခေါ်ဖို့ အံ့အားသင့်ဖွယ် နောက်ကြောင်းပြန်လှည့်လာတဲ့ မန်ချက်စတာ ယူနိုက်တက်
မန်ယူအသင်းဟာ စာချုပ်ကုန်လို့ လမ်းခွဲ ထားခဲ့တဲ့ ဂိုးသမားဟောင်း ဒေးဗစ် ဒီဂီယာကို ကာလတို စာချုပ်တစ်ရပ်နဲ့ ပြန်ခေါ်နိုင်ဖို့အတွက် အံ့အားသင့်စရာ ကောင်းလောက်အောင် နောက်ကြောင်း ပြန်လှည့်လိုက်ပါတယ်။
သိပ်မကြာခင်မှာ ကစားရတော့မယ့် အာဖ ရိက နိုင်ငံများဖလားပြိုင်ပွဲကို ရောက်ရင် အဓိက ဂိုးသမား အန်ဒရီ အိုနာနာ ကို ဆုံးရှုံးရမှာဖြစ်တဲ့ အတွက် မန်ယူဟာ အစားထိုးနိုင်ဖို့ ဒီဂီယာကို ပြန်ခေါ် ချင်နေတာပါ။

ဒါကြောင့် လာမယ့် နှစ်ဆန်းပိုင်းမှာ အိုနာနာရဲ့နေရာကို စပိန် သားနဲ့ ယာယီ အစားထိုးနိုင်ဖို့အတွက် မန်ယူဟာ ဒီဂီယာကို အလွတ်ပြောင်း ရွှေ့ကြေးနဲ့ ပြန်ပြီး ခေါ်ဖို့ အံ့အားသင့်စရာ လုပ်ဆောင်လာတာဖြစ်ပါတယ်။
အာဖရိက နိုင်ငံများ ဖလား ပြိုင်ပွဲဟာ ဇန်နဝါရီ ၁၃ ရက်ကနေ ဖေဖော်ဝါရီ ၁၁ ရက်အထိ ကစားမှာ ဖြစ်နေလို့ ကင်မရွန်း လက်ရွေးစင် အိုနာနာ ဟာ မန်ယူ အတွက် ၈ ပွဲလောက် လွဲနိုင်ခြေ ရှိနေပါတယ်။
ဒါကြောင့် မန်ယူဟာ ဒီဂီယာကို ၆ လ အငှားစာချုပ်မျိုးနဲ့ ခေါ်နိုင်ဖို့အတွက် ပြင်ဆင်လာတာ ဖြစ်ပါတယ်။ အသက် ၃၂ နှစ်အရွယ် စပိန်နိုင်ငံသား ဒီဂီယာဟာ မန်ယူမှာ ၁၂ နှစ် အထိ ကျင်လည်ခဲ့ပြီး စာချုပ်သက်တမ်း ကုန်တဲ့အချိန်မှာတော့ အသင်းနဲ့ အတူ လမ်းခွဲခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာတော့ ဒီဂီယာဟာ အသင်းလက်မဲ့ ဖြစ်နေပြီး ဘောလုံးလောကထဲကို ပြန်ပြီး ခြေချနိုင်ဖို့အတွက် ကြိုးစားနေတာ မျိုးရှိပါတယ်။
ယူနိုက်တက်ဟာ ဒီဂီယာကိုသက်တမ်းတိုးဖို့ ကြိုးစား ပေမဲ့လည်း ရှိရင်းစွဲ တစ်ပတ်လုပ်ခ ပေါင် ၃၇၅၀၀၀ ကနေ ပေါင် ၂၀၀၀၀၀ အထိ လျှော့ယူပေးဖို့ တောင်းဆိုခဲ့တာဖြစ်တဲ့အတွက် စပိန်သားဘက်က လက်မခံခဲဘဲ စာချုပ်သက်တမ်း မတိုးခဲ့တာဖြစ်ပါတယ်။
တစ်ခုရှိတာက မန်ယူဟာ အိုးလ်ထရက်ဖို့ဒ်ဆီကို အိုနာနာ မရောက်ခင်အထိ ဒီဂီယာကို အသင်းမှာပဲ ဆက်နေခိုင်းထားတာမျိုးလည်း ရှိပါတယ်။
ပြီးခဲ့တဲ့ ဘောလုံးရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ ရွှေလက်အိတ်ဆုကို ပူပူနွေးနွေး ဆွတ်ခူးထားတဲ့အပြင် အသင်းအတွက် ကာလရှည် အမှုတော်ထမ်းခဲ့တဲ့ ဒီဂီယာအပေါ် မန်ယူရဲ့ ပစ်ပစ်ခါခါ လုပ်ရပ်တွေနဲ့ ပတ်သက်လို့ ဝေဖန်မှုတွေ အများကြီး ရှိခဲ့ပြီးဖြစ်ပါတယ်။
လက်ရှိမှာ ယူနိုက်တက် ဂိုးသမား နေရာနဲ့ ပတ်သက်လို့ အိုနာနာ၊ ဘာယင်ဒါနဲ့ တွမ်ဟီတန်တို့ ရှိနေပေမဲ့ အာဖရိက နိုင်ငံများ ဖလားကစားတဲ့အချိန်ကို ရောက်ပြီဆိုရင် တွမ်ဟီတန်တစ်ယောက်ပဲ အသင်းမှာ ကျန်နေခဲ့မှာ ဖြစ်ပါတယ်။
မန်ယူအသင်းခေါင်းဆောင် ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းမှာပဲ ဒီဂီယာနဲ့အတူ ဓာတ်ပုံအတူတွဲရိုက်ခဲ့တာကြောင့် ကစားသမားတွေကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးမျိုးတွေ ရှိနေပြီး ဒီဂီယာဘက်က လက်ခံခဲ့မယ် ဆိုရင်တော့ အငှားစာချုပ် အပြောင်းအရွှေ့ကလည်း ဖြစ်လာနိုင်တယ် လို့ ဆက်စပ် သတင်းတွေက ဆိုပါတယ်။