အိုးထရက်ဖို့ဒ်မှာ အံ့ဖွယ် ရလဒ် ထွက်နိုင်ပါတယ် လို့ ခန့်မှန်းသွားတဲ့ သရဲနီ တိုက်စစ်မှုးဟောင်းကြီး ဘာဘာတော့ဗ်

နည်းပြ တန်ဟက်ရဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း ကတော့ ဒီတပတ် ပရီးမီးယားလိဂ်မှာ မြို့ခံပြိုင်ဘက် မန်စီးတီး အသင်းအား အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ်။

စပါးနဲ့ ယူနိုက်တက် တိုက်စစ်မှုးဟောင်းကြီး ဘာဘာတော့ဗ်က ယူနိုက်တက်နဲ့ စီးတီးတို့ရဲ့ မန်ချက်စတာ ဒါဘီ ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” ကိုပင်ဟေဂင်ကို ရင်ဆိုင်းတုန်းကလို ပြိုင်ဘက်ကို လွတ်လွတ်လပ်လပ် ပေးကစားလိုက်ရင် ဒီပွဲမှာ မန်ချက်စတာ ယူနိုက်တက်တို့ ခံစားသွားရလိမ့်မယ်။

ပြိုင်ဘက်တွေကို ရင်ဆိုင်ရာမှာ ကိုယ်က အမှားလုပ်မိရင်တောင် ရနိုင်တဲ့ ပြိုင်ဘက်မျိုးတွေ ရှိပါတယ်။ သူတို့မှာက အရည်အချင်းပိုင်း အားနည်းတော့ ကိုယ့်ရဲ့ အမှားတွေကို အခွင့်အရေး မယူနိုင်ဘူး၊ ဒီတော့ အမှားလုပ်မိလို့ ရပါတယ်။

ဒါပေမယ့်လို့ ကိုယ်က အမှားတစ်ခုတောင် မဟုတ်ဘဲ တစ်ဝက်လောက် လုပ်မိရင်ကို အပြစ်ပေးသွားမယ့် မန်စီးတီးလို ပြိုင်ဘက်မျိုးလည်း ရှိပါတယ်။ စီးတီးကို ရင်ဆိုင်ကစားရာမှာ ၁ဝဝ % အပြည့်အဝ အာရုံစိုက်ကစားဖို့ လိုအပ်ပါတယ်။

ကျနော်ကတော့ ဒီပွဲ သရေကျမယ် ထင်ပါတယ်။ အကယ်လို့ ယူနိုက်တက်က အမှားတွေ လုံးဝ မလုပ်မိဘူးဆိုရင် သူတို့ အားလုံး အံ့ဩသင့်စေမယ့် နိုင်ပွဲ ရသွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ” လို့ ဘာဘာတော့ဗ်က သုံးသပ်သွားပါတယ်။

ဘာဘာတော့ဗ် ရဲ့ ပွဲ ခန့်မှန်းရလဒ် ကတော့ မန်ချက်စတာ ယူနိုက်တက် ၁-၁ မန်စီးတီး ဖြစ်ပါတယ်။ ဒီနှစ်သင်း ကစားမယ့် ပွဲချိန် ကတော့ မနက်ဖြန် အောက်တိုဘာ ၂၉ ရက်၊ တနင်္ဂနွေနေ့ည ၁ဝ နာရီ အချိန်မှာ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။