မန်ချက်စတာ ဒါဘီပွဲ နိုင်လိုက်ရင် မန်ယူ ပရီးမီးယားလိဂ် ချန်ပီယံထိ မှန်းနိုင်မယ်လို့ ပွဲကြို အားပေးလိုက်တဲ့ ဝိန်း ရွန်းနီ

ဒီတစ်ပတ် ကစားမယ့် မန်ချက်စတာ ဒါဘီပွဲစဉ်မှာ မန်ယူအသင်းသာ အနိုင် ရခဲ့မယ်ဆိုရင် ပရီးမီးယားလိဂ် ချန်ပီယံဆု စိန်ခေါ်သူစာရင်းထဲကို ပြန်ရောက် လာတော့မှာ ဖြစ်တယ်လို့ သရဲနီဟောင်းကြီး ဝိန်းရွန်းနီက ပြောဆိုလိုက်ပါတယ်။

သရဲနီ ပရိသတ်တွေရဲ့ ရင်ထဲမှာ တစ်သက်လုံး မေ့မရအောင် အမှတ်တရတွေ များစွာ ဖန်တီးပေးခဲ့တဲ့ မန်ယူ ဂန္ထဝင်ကစားသမား ရွန်းနီဟာ အသင်းဟောင်းအတွက် ခွန်အားဖြစ်စေတဲ့ စကားတွေကို ဒါဘီပွဲစဉ် မတိုင်ခင်မှာ ပြောခဲ့တာပါ။

မန်ယူအသင်းဟာ ရာသီအစပိုင်းမှာ ရလဒ်ဆိုးတွေ ဆက်တိုက်ကြုံခဲ့ရပေမဲ့လည်း ပြီးခဲ့တဲ့ သီတင်းပတ်တွေထဲမှာတော့ ပုံစံ ကောင်းတချို့ ပြန်ရလာနေပါတယ်။

ကြားရက် ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ဆိုရင် ဂိုးသမားအိုနာနာ၊ နောက်ခံလူ မက်ဂွိုင်းယားတို့ ပုံစံကောင်း ပြန်ရခဲ့ တာကိုလည်း တွေ့ရပါတယ်။

အခုကစားမယ့်ပွဲဟာ မန်ချက်စတာ ဒါဘီဖြစ် နေတဲ့အတွက် နှစ်သင်းစလုံးအတွက် အရေးပါပြီး မန်ယူက နိုင်ခဲ့မယ်ဆိုရင် တော့ နေရာတစ်ခုကို ပြန်ရောက်သွားနိုင်တယ်လို့ ရွန်နီက သုံးသပ်ပါတယ်။

” နှစ်သင်းစလုံးအတွက် ဒီပွဲက အရမ်းကို အရေးပါတယ်လို့ ကျွန်တော် ထင် တယ်။ ဒီပွဲက ဒါဘီလေ။ ကျွန်တော်တို့ အခုမြင်နေကြတာက ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် အပြိုင်ဖြစ်နေကြတဲ့ အသင်းတွေဟာ စပါး၊ မန်စီးတီး၊ အာဆင်နယ်၊ လီဗာပူးပေါ့။

မန်ယူသာ ဒီပွဲကို အနိုင်ရခဲ့မယ်ဆိုရင် အဲဒီစာရင်း ထဲကို ပြန်ရောက်သွားမယ်လို့ ကျွန်တော် မြင်တယ်။ ဒါကြောင့် ဒီပွဲက တကယ့်ကို အခရာ ကျလွန်းနေတာ။ မန်ယူအသင်း နိုင်မယ်လို့လည်း မျှော်လင့်ပါတယ် ” လို့ ရွန်းနီက Sky Sport သတင်းဌာနကို ပြောသွားခဲ့တာဖြစ်ပါတယ်။

တနင်္ဂနွေနေ့မှာ ကစားမယ့် မန်ချက်စတာ ဒါဘီမှာ မန်ယူအသင်း အနိုင်ရခဲ့မယ်ဆိုရင် စီးတီးရဲ့ နောက်ကနေ ၃ မှတ်အကွာနဲ့ ဖိအားပေးနိုင် တော့မှာဖြစ်သလို နည်းပြအဲရစ်တန်ဟတ်ရဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆု မျှော် မှန်းချက်ကိုလည်း အတိုင်းအတာတစ်ခုအထိ အလှည့်အပြောင်း ဖြစ်သွားနိုင်တာ အမှန်ပဲ ဖြစ်ပါတယ်။