အိုးထရက်ဖို့ဒ်မှာ စီးတီးကို လုံးဝ မယှဉ်နိုင်ဘဲ ဒူးထောက်ခဲ့ရတဲ့ မန်ယူ၊ ပွဲချိန်အတွင်း နဗီးရဲ့ ဝန်ခံစကား

ဒီ အိုးထရတ်ဖိုဒ့်မှာ ယှဉ်ပြိုင်ကစားတဲ့ မန်ချက်စတာ ဒါဘီပွဲစဉ်မှာတော့ အိမ်ရှင် မန်ချက်စတာ ယူနိုက်တက်ဟာ မြို့ခံပြိုင်ဘက် မန်စီးတီးကို ၃-ဝ နဲ့ အပြတ်အသတ် ရှုံးနိမ့်ခဲ့ရပါတယ်။

ဒီပွဲမှာ မန်စီးတီးက တောင့်တင်းတဲ့ လူစာရင်းကို ထုတ်သုံးလာခဲ့ချိန် အိမ်ရှင် မန်ချက်စတာ ယူနိုက်တက်ကတော့ ဟာလန်းကို ထိန်းဖို့ ခံစစ်မှာ အီဗန်လို အရွယ်ရနေတဲ့ ခံစစ်မှူးကို ရွေးချယ်လာခဲ့ရပါတယ်။ လက်ရှိ ယူနိုက်တက်ရဲ့ ဒဏ်ရာ ပြဿနာတွေကြောင့် ဘယ်ခြမ်းမှာ လင်ဒီအော့က ထွက်ကစားခဲ့ရတယ်။

ပွဲကတော့ သိသိသာသာကို မန်စီးတီးက အပြတ်အသတ် သာခဲ့တဲ့ ပွဲစဉ်ဖြစ်ပြီး မန်ယူနိုက်တက်ဟာ ပွဲချိန် အများအပြားမှာ ဂိုးပိုပြတ်မသွားဖို့ ခုခံရင်း အချိန်ကုန်နေခဲ့တာပါ။ ရက်ဖိုဒ့်ထံက အခွင့်အရေးကောင်း တစ်ကြိမ်လောက်ပဲ မြင်ခဲ့ရပြီး ဂိုးပေါက် မတည့်ခဲ့ပါဘူး။

သရဲနီဟောင်းကြီး ဂယ်ရီနဗီးကဆိုရင် ” ဒုတိယပိုင်း ခြေစွမ်းအရ မန်စီးတီးတို့ အနိုင်ရဖို့ ထိုက်တန်ပါတယ်၊ ယူနိုက်တက်ကလည်း ရှုံးဖို့ ထိုက်တန်ခဲ့ပါတယ် ” လို့ ပွဲချိန်တွင်းမှာ ဝန်ခံ ပြောဆိုသွားတာပါ။

ဒီပွဲက မန်ချက်စတာ ယူနိုက်တက် အတွက် ဒီရာသီ ပရီးမီးယားလိဂ် အဖွင့် ၁ဝ ပွဲ ကစားပြီးချိန်မှာ ၅ ပွဲ မြောက် ရှုံးပွဲ ဖြစ်ပါတယ်။

ဒါဟာ ၁၉၈၆-၈၇ နောက်ပိုင်း ၁ဝ ပွဲ ကစားပြီးချိန် ရှုံးပွဲ အများဆုံး ကြုံရတဲ့ အရေအတွက်လည်း ဖြစ်လာပါတယ်။ အဲဒီ ရာသီတုန်းကတော့ ယူနိုက်တက်မှာ နည်းပြ ရွန် အက်ကင်ဆန် ထွက်သွားရပြီး ဆာအဲလက်စ် ဖာဂူဆန် ရောက်လာခဲ့တာပါ။

ဒီည မန်ချက်စတာ ဒါဘီပွဲအပြီးမှာ မန်စီးတီးဟာ ရမှတ် ၂၄ မှတ်ဖြင့် ဇယားထိပ်က စပါးနောက် ၂ မှတ်အကွာမှာ ဆက်ရှိနေပါတယ်။ ယူနိုက်တက်ကတော့ ၁၅ မှတ်ဖြင့် အဆင့် ၄ နေရာနဲ့ကို ၈ မှတ် ပြတ်နေခဲ့ပြီ ဖြစ်ပါတယ်။