နည်းပြ တန်ဟက် ပထမဆုံး လုပ်သင့်တဲ့ ကိစ္စ အား မန်ချက်စတာ ဒါဘီ ရှုံးပွဲ အပြီး သရဲနီ ဂန္တဝင်ကြီး အကြံပေး တိုက်တွန်း

မန်ချက်စတာယူနိုက်တက် ဂန္ထဝင် အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းက လက်ရှိ နည်းပြ အဲရစ်တန်ဟက်ဟာ ပြဿနာပေါင်း ‘သောင်းခြောက်ထောင်’နဲ့ ခေါင်းရှုပ်နေလောက်ပြီလို့ သုံးသပ်ခဲ့သလို ဘရူနိုဖာနန်ဒစ်ကို အသင်းခေါင်းဆောင် ရာထူးကနေ ဖယ်ရှားသင့်ပြီလို့ တိုက်တွန်းခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ မန်ချက်စတာဒါဘီပွဲမှာ စိတ်ပျက်စရာ ခြေစွမ်းနဲ့အတူ ၃-၀ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီး ဘရူနိုဖာနန်ဒက်စ်ကလည်း ပွဲကြီးတွေဆိုရင် ရုန်းကန်ရလေ့ရှိတဲ့အတိုင်း အခုပွဲမှာ တစ်ပွဲလုံး ပုံစံကောင်း မပြသနိုင်ခဲ့ပါဘူး။

မန်စီးတီးနဲ့ပွဲမှာ ဘရူနိုဖာနန်ဒက်စ်ဟာ အောင်မြင်တဲ့ဘောလုံးပေးပို့မှု ၂၅ ကြိမ်၊ ဘောလုံးဖျက်ထုတ်မှု ၃ ကြိမ်၊ ဂိုးပေါက်တည့်မှု ၁ ကြိမ်သာရှိသလို တစ်ဦးချင်းကျော်ဖြတ်နိုင်မှု ၄ ကြိမ်၊ ပြိုင်ဘက်ကျော်ဖြတ်မှုခံရတာ ၈ ကြိမ်အထိ ရှိခဲ့ပါတယ်။

ပွဲအပြီး Sky Sports ရဲ့ ပွဲပြီးသုံးသပ်ချက်အစီအစဉ်မှာ ဘရူနိုဖာနန်ဒက်စ်ရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ရွိုင်ကိန်းနဲ့ကာရေဂါတို့က ဝေဖန်ခဲ့ကြပါတယ်။

လီဗာပူးလ်ဂန္ထဝင်နောက်ခံလူ ကာရေဂါက “ဘရူနိုဖာနန်ဒက်စ်ဟာ ယူနိုက်တက်အသင်းခေါင်းဆောင် မဖြစ်သင့်ပါဘူး။ အခု ကျွန်တော်တို့ဟာ ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်းနှစ်ဦးဖြစ်တဲ့ ဂယ်ရီနဗီးလ်၊ ရွိုင်ကိန်းတို့နဲ့အတူ ထိုင်ပြီး အစီအစဉ် တင်ဆက်နေတာဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်နဲ့အတူ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်အပါအဝင် ကြီးမားတဲ့ဆုဖလားအောင်မြင်မှုတွေ ရယူခဲ့သူ ရွိုင်ကိန်းက

“ဒီနေ့ပွဲ(မန်စီးတီး)ခြေစွမ်းအရ ကျွန်တော်သာဆိုရင် ဘရူနို ဖာနန်ဒက်စ်ကို အသင်းခေါင်းဆောင်ရာထူးကနေ သေချာပေါက် ဖယ်ရှားမှာပါ။

ဒါက ၁၀၀ % သေချာပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ ရိုက်ခတ်မှု ပြင်းထန်နိုင်တယ်ဆိုတာ ကျွန်တော် သဘော ပေါက်ပါတယ်။ အဲရစ်တန်ဟက်က မက်ဂွိုင်းယားနေရာမှာ ဘရူနိုဖာနန်ဒက်စ်ကို အသင်းခေါင်းဆောင် အဖြစ် ပြောင်းလဲခန့်အပ်ခဲ့ပေမဲ့ ဘရူနိုဖာနန်ဒက်စ်ဟာ အသင်းခေါင်းဆောင်ဖြစ်ထိုက်တဲ့ ကစားသမားမျိုးမဟုတ်ပါဘူး။

ဒါပေမဲ့ ဘရူနိုဖာနန်ဒက်စ်ဟာ အရည်အချင်းရှိတဲ့ကစားသမားတစ်ဦးဆိုတာ သံသယဖြစ်စရာ မလိုပါဘူး။

ဒီနေ့ပွဲမှာတော့ ဘရူနိုဖာနန်ဒက်စ်က ဒိုင်လူကြီးကို စောဒကတက်မယ်၊ မကျေမနပ်ပြောမယ်၊ မကြာခဏဆိုသလို လက်ဝှေ့ယမ်းပြီး ဒေါသထွက်မယ်၊ ဒါတွေကိုပဲ မြင်တွေ့ခဲ့ရပြီး အဲဒီအပြုအမူတွေက လက်ခံလို့ရတဲ့အရာ မဟုတ်ပါဘူး “လို့ပြောကြားခဲ့ပါတယ်။