ဘယ်လင်ဟမ် မန်ချက်စတာ ယူနိုက်တက်ထံ ရောက်ဖို့ နီးစပ်ပြီးမှ ဘာကြောင့် ငြင်းဆန်သွားခဲ့ရသလဲ ဖာဒီနန် ဖော်ထုတ်
သရဲနီဟောင်းကြီး ရီယို ဖာဒီနန်က အင်္ဂလန် ကြယ်ပွင့် ကစားသမား ဂျုဒ် ဘယ်လင်ဟမ်ဟာ မန်ချက်စတာ ယူနိုက်တက်မှာ ပထမအသင်းလူစာရင်းထဲမှာ တစ်နေရာ အာမခံချက် မရခဲ့တာကြောင့် ပြောင်းရွှေ့ဖို့ ငြင်းပယ်ခဲ့တာဖြစ်ကြောင်း ဖော်ထုတ် ပြောကြားခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ ၂၀၂၀ မှာ ဘယ်လင်ဟမ်ကို ခေါ်ယူဖို့အတွက် လုပ်ဆောင်ခဲ့ပြီး ဆာအဲလက်စ် ဖာဂူဆန် ကိုတောင် အင်္ဂလန်ကွင်းလယ်ကြယ်ပွင့်နဲ့ စကားပြောဖို့၊ ကာရင်တန် လေ့ကျင့်ရေးကွင်းကို လာရောက် လည်ပတ်ဖို့ အတွက် အကူအညီတောင်းခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘယ်လင်ဟမ်က ဒေါ့မွန်ကို ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့ပြီး အဲဒီနွေရာသီမှာ ဘာမင်ဟမ်စီးတီးကနေ ပေါင်၂၂.၇၅ သန်းနဲ့ ဂျာမန်ကလပ်ကို ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။
ဘယ်လင်ဟမ်ဟာ ဒေါ့မွန်မှာ လျင်လျင်မြန်မြန် တိုးတက်လာခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ်ကို ယခုနွေရာသီမှာ ပေါင် ၈၈.၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီး ပွဲဦးထွက်ရာသီမှာပဲ အထင်ကြီးစရာကောင်းတဲ့ ခြေစွမ်းမျိုး ပြသနေတာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အတွက်တော့ နောက်ထပ်တစ်ကြိမ် လွတ်တဲ့ငါးကြီးဖြစ်ခဲ့ပြီး ဖာဒီနန်က အဲဒီအချိန်တုန်းက နည်းပြနေတဲ့ အိုလေ ဂန်နာ ဆိုးလ်ရှားက ဘယ်လင်ဟမ်ကို ပထမအသင်းထဲမှာ နေရာပေးနိုင်ဖို့ ရှင်းလင်းတဲ့ လမ်းကြောင်းကို မချပြနိုင်ခဲ့ဘူးလို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
“ကျွန်တော် ကြားခဲ့တာက ဘာလဲသိလား။ သူ(ဘယ်လင်ဟမ်)က ပထမအသင်း ကစားသမားဖြစ်ခွင့်ရမယ်ဆိုတဲ့ အာမခံချက်မျိုး လိုချင်ခဲ့တယ်။ ယူနိုက်တက်က သူ့ကို ဒီလိုမျိုး အာမခံချက် မပေးချင်ခဲ့ဘူး။ ဒါက အရမ်းကောင်းတဲ့ အရင်းအမြစ်တွေဆီကနေ ကျွန်တော် ကြားခဲ့ရတဲ့သတင်းပါ။
သူက ပထမအသင်းမှာ ပါဝင်ခွင့်ရမယ်ဆိုတဲ့ အာမခံချက် ပေးခြင်းမခံခဲ့ရဘူး။ သူ ပြောခဲ့တာက ခင်ဗျား သိလား။ ကျွန်တော့်တန်ဖိုး ကျွန်တော် သိတယ်။ ခင်ဗျားတို့ ကျွန်တော့်ကိုယ် ကျွန်တော် တန်ဖိုးထားသလို မထားဘူးဆိုရင် ကျွန်တော် တခြားကလပ်ကို သွားမှာပဲဆိုတာပါ။
သူ တကယ်သွားခဲ့ပြီး သူ ပြောတဲ့အတိုင်း လုပ်ပြခဲ့တယ်။ ကျွန်တော် ခင်ဗျားတို့ကို ပြောခဲ့တယ်နော်။ ခင်ဗျားတို့ ကျွန်တော့်ကို မယုံကြည်ခဲ့ကြဘူးမလားလို့ လှည့်ပြောပြီး ထွက်သွားခဲ့တယ်။ သူ ရီးရဲလ်မက်ဒရစ်ကို သွားခဲ့ပြီး သူ ရောက်ရောက်ချင်းမှာပဲ ဘာနေဗျူးကို ပြောင်းပြန်လှန်နေတယ်။
သူတို့တွေ အဲဒီကွင်းကို ပြန်လည်တည်ဆောက်ခဲ့ပြီး သူက အဲဒါကို တစ်စစီဖြစ်အောင် လုပ်နေတယ်။ မယုံနိုင်စရာပါပဲ”လို့ ပြောကြားခဲ့ပါတယ်။