မန်ယူကို မန်စီးတီး၊ အာဆင်နယ် အပါအဝင် ပြိုင်ဘက် အသင်းကြီးတွေ ကျော်တက်ကုန်ကြပြီလို့ စိုးရိမ်စွာ ထောက်ပြလာတဲ့ ရွိုင်ကိန်း
မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်းကြီး ရွိုင်ကိန်းကတော့ တချိန်က ခါးသီးပြိုင်ဘက်တွေ ဖြစ်ခဲ့တဲ့ အာဆင်နယ်လို ကလပ်တွေကိုကြည့်ပြီး သူ့အသင်းအတွက် စိတ်ပူနေပါတယ်။
ဒီနှစ်တွေမှာ မန်စီးတီးနဲ့ မန်ချက်စတာ ယူနိုက်တက်ကြား ကွာဟမှုကိုပဲ နှိုင်းယှဉ်နေခဲ့ကြပေမယ့် ဒီကာလတွေမှာ အခြားသော ကလပ်တွေကလည်း သူတို့ကို ကျော်တက်ကုန်ပြီဆိုတာ သတိပြုမိစရာ ဖြစ်လာကြပါတယ်။

ပြီးခဲ့တဲ့ အပတ်က ပွဲမှာ အာဆင်နယ်က ရှက်ဖီးယူနိုက်တက်ကို အိမ်ကွင်းမှာ သက်သောင့်သက်သာ ကစားပြီး ၅ ဂိုးပြတ် အနိုင်ယူခဲ့ချိန်မှာ ယူနိုက်တက်ကတော့ အိမ်ကွင်းမှာ မန်စီးတီးကို ဂိုးပြတ်ရှုံးပြီး အဆင့် ၈ မှာ ရှိနေတာပါ။
ရွိုင်ကိန်းက “ ပွဲတိုင်းမှာ ယူနိုက်တက်က ရှင်သန်အောင် ကြိုးစားနေရတယ်။ ပြီးခဲ့တဲ့ နှစ်တွေမှာ မန်ယူနိုက်တက်ဟာ မန်စီးတီးနောက် ဘယ်လောက်တောင် ပြတ်ကျန်နေပြီလဲ ကျနော်တို့တွေ နှိုင်းယှဉ်ခဲ့ကြတယ်။
ဒါပေမယ့် အခုချိန်မှာ ကျနော် စိတ်ပူတာက မန်စီးတီးတင် မဟုတ်တော့ဘဲ အခြားအသင်း အားလုံးက ယူနိုက်တက်ကို ကျော်တက်နေတာပါပဲ။ လက်ရှိမှာ အဲ့လိုဖြစ်နေတယ်။
စပါးကိုပဲကြည့်ကြည့်။ လီဗာပူးကလည်း ပြန်တက်လာနေပြီ။ နယူးကာဆယ် ဘာလုပ်နေလဲ ဟုတ်လား။ အာဆင်နယ်က ပိုပို သန်မာတောင့်တင်းလာတယ်။ ယူနိုက်တက်ကတော့ သူတို့နောက်ကို ရောက်ရောက်သွားပါတယ် ” လို့ နှိုင်းယှဉ် ထောက်ပြခဲ့တာ ဖြစ်ပါတယ်။
ဒီရာသီ ပရီးမီးယားလိဂ်မှာ အာဆင်နယ်ဟာ စပါး၊ မန်စီးတီး၊ လီဗာပူးတို့နဲ့ ယှဉ်ပြိုင်နေရကာ ယခင်နှစ်တွေလို နှစ်သင်းတည်း ပြိုင်ဆိုင်မှုကနေ ကွဲထွက်လာခဲ့ပြီ ဖြစ်ပါတယ်။