မန်ယူဘက်က နည်းပြ တန်ဟက်ကို ထုတ်ပယ်ရင် လက်ကျန် တစ်နှစ်ခွဲစာ အတွက် လျော်ကြေး ဘယ်လောက် ပေးရမလဲ
နည်းပြ အဲရစ် တန်ဟက်ကို ရာထူးအတွက် မန်ချက်စတာ ယူနိုက်တက် အသင်း ဘုတ်အဖွဲ့နဲ့ တာဝန်ရှိသူတွေက ဆက်လက် ထောက်ခံနေဆဲ ဆိုပေမယ့် မကြာတော့တဲ့ ကာလမှာ အပြောင်းအလဲ တစ်ခု ဖြစ်ပေါ်လာမယ် မျှော်လင့်နေသူတွေ တိုးလာနေပါတယ်။
ဒီရာသီ ပြိုင်ပွဲစုံမှာ မန်ယူနိုက်တက်တို့ ရှုံးပွဲ ၇ ပွဲထိ ရှိထားခဲ့ကာ ပရီးမီးယားလိဂ်မှာကော ချန်ပီယံလိဂ်မှာပါ အခြေအနေ မကောင်းဘဲ ရှိနေပါတယ်။

နည်းပြတန်ဟက်ဟာ ယူနိုက်တက်နဲ့ စာချုပ် ၃ နှစ်ရှိထားပေမယ့် သက်တမ်း ကုန်သည် အထိ မန်ချက်စတာမှာ ရှိနေမယ် မျှော်လင့်လို့ မရပါဘူး။
ပထမရာသီမှာ နည်းပြတန်ဟက်ရဲ့ မန်ချက်စတာ ယူနိုက်တက်ကိုင်တွယ်မှု အကောင်းမြင်စရာ ဖြစ်ခဲ့ပါတယ်။ ထိုစဉ်က မန်ယူအသင်းဟာ ကာရာဘောင်း ဖလား ရခဲ့ပြီး အက်ဖ်အေဖလား ဖိုင်နယ်ထံ ပို့ဆောင်ခဲ့တယ်။ အမှတ်ပေးဇယား တတိယ နေရာနဲ့အတူ ချန်ပီယံလိဂ်ထံ ပြန်ဝင်ခွင့်ရစေခဲ့ပါတယ်။
သို့ပေမယ့် ဒီရာသီ ရလဒ်တွေ ဆက်တိုက် ဆိုးရွားနေသလို ကလပ်ရဲ့ ရှယ်ယာရှင်သစ် ရက်ကလစ်ရဲ့ ယူနိုက်တက်ကို ၂၅% ဝယ်ယူမှုနဲ့အတူ မကြာခင်မှာတော့ ကလပ်ရဲ့ စွမ်းဆောင်ရည်တွေအပေါ် ပြန်ပြီး လေ့လာသုံးသပ်မှု ရှိလာပါမယ်။
ယူနိုက်တက်က နည်းပြတန်ဟက်ကို ထုတ်ပယ်မယ်ဆိုရင် စာချုပ်ပါ လျော်ကြေး ပေါင် ၁၅ သန်းထက် ပိုများတဲ့ ပမာဏကို ပေးချေရမှာ ဖြစ်တယ်။ စာချုပ် ၁၈ လ ကျန်ရှိနေသေးတဲ့ တန်ဟက်ဟာ တစ်နှစ်ကို ပေါင် ၉ သန်းဝန်းကျင် ရရှိနေတာ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ နည်းပြတန်ဟက်ရဲ့ အဖွဲ့ဝင်တွေကို ဖယ်ထုတ်ခြင်းအတွက်လည်း လျော်ကြေးတွေ သီးသန့် ထပ်ဆောင်း ပေးရမှာ ဖြစ်ပါတယ်။