မန်ယူကို ရင်ဆိုင်ကစားဖို့ လေ့ကျင့်ချိန် ၁၀ မိနစ်ပဲ ယူခဲ့ရတယ်လို့ ပြောပြသွားတဲ့ ဒီဘရိုင်း
နိုင်ငံတကာသီတင်းပတ်အတွက် ဘယ်လ်ဂျီယံကို ရောက်ရှိခဲ့တဲ့ မန်စီးတီး ကွင်းလယ်လူ ဒီဘရိုင်းက မန်ချက်စတာဒါဘီ ပွဲတုန်းက ပြိုင်ဘက်အသင်း ဘယ်လိုကစားမယ်ဆိုတာကို နည်းပြဂွာဒီယိုလာ လုံးဝ မသိခဲ့ပါဘူးလို့ ဖွင့်ပြောလာပါတယ်။
ဆိုးရှားရဲ့ အတည်တကျမရှိသလို အဆင်ပြေရင် ပြေသလို ထုတ်သုံးနေတဲ့ လူစာရင်းကြောင့် နည်းစနစ်ပိုင်း အကျော်အမော် ဂွာဒီယိုလာက အတော်လေး ခေါင်းစားခဲ့ရတာဖြစ်တယ်။ ဂွာဒီယိုလာဟာ ဆိုးရှားရဲ့ အသင်းကို ရင်ဆိုင်ဖို့ ဘာကို အထူးပြု ပြင်ဆင်ရမယ်ဆိုတာနဲ့ ဘယ်လို ကစားရမယ်ဆိုတာကို ညွှန်းကြားမှုတွေ မလုပ်နိုင်ခဲ့ဘူးလို့ သိရတယ်။
ဒါကြောင့်ပဲ ပုံမှန်လုပ်နေကျ ပွဲကြို နည်းစနစ်ပိုင်း ပြင်ဆင်မှုကို ၁၀ မိနစ်နဲ့တင် ရပ်နားခဲ့ရတာဖြစ်ပြီး ဒါဘီပွဲအတွက် ဘာပလန်မှ မလုပ်နိုင်ခဲ့တာကြောင့် အရင် ကစားခဲ့သလို အကောင်းဆုံး ကစားဖို့ပဲ မန်စီးတီးဘက်က ပြင်ဆင်ခဲ့တာပါ။ အဆိုပါ ပွဲမှာတော့ မန်စီးတီးက အိုးထရတ်ဖိုဒ့်ကွင်းမှာ ယူနိုက်တက်ကို ၂-၀ ဖြင့် ဂိုးပြတ် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ဒီဘရိုင်းက ” ပွဲတစ်ပွဲ မတိုင်ခင် ပြိုင်ဖက်အသင်းက ဘယ်လို ကစားမလဲ ဆိုတဲ့အပေါ် မူတည်ပြီး ကျွန်တော်တို့ဟာ နည်းစနစ်ပိုင်း ကြိုတင်လေ့ကျင့်မှုတွေ လုပ်လေ့ရှိပါတယ်။ ဒါပေမဲ့ ယူနိုက်တက်နဲ့ ပွဲအကြိုမှာတော့ ပက်က ‘ သူတို့ ဘယ်လိုကစားမလဲဆိုတာ မသိဘူး၊ ကြည့်ရတာပေါ့ ‘ လို့ ပြောခဲ့ပါတယ်။ ”
ဆယ်မိနစ်လောက် လေ့ကျင့်အပြီးမှာပဲ ကျွန်တော်တို့တွေဟာ ယူနိုက်တက်ပွဲအတွက် ပြင်ဆင်နေတဲ့ လေ့ကျင့်ရေး အစီအစဉ်တွေကို ရပ်နားခဲ့လိုက်ရပါတယ်။ ပြိုင်ဖက် အသင်း ဘယ်လိုကစားမလဲဆိုတာကို ပက် အမြဲလိုလို ကြိုတင် ခန့်မှန်းနိုင်ခဲ့ပေမယ့် ဒီတစ်ကြိမ်တော့ သူ မသိခဲ့ပါဘူး။ ဒါ့ကြောင့် ကျွန်တော်တို့လည်း ဘာလုပ်ရမလဲ မသိနိုင်ခဲ့ကြပါဘူး။
ကျွန်တော်တို့ဟာ အမြဲတမ်း လုပ်နေခဲ့သလို လုပ်ဖို့ပဲ အသင့်ရှိ နေခဲ့ကြပါတယ်။ ပက်ကတော့ ယူနိုက်တက်က ခံစစ် ငါးယောက်ထားပြီး ကစားမလား၊ ဒါမှမဟုတ် လေးယောက်ထားပြီး ကစားမလား၊ သူတို့ စိန်ပွင့်ပုံစံ ကွင်းလယ်သုံးမလား၊ တိုက်စစ်ကကော သုံးယောက်ထိ ထားမလား ဘာတစ်ခုကိုမှ မတွက်ဆနိုင်ခဲ့ပါဘူး ” လို့ ပြောပြခဲ့တာဖြစ်ပါတယ်။