လက်ရှိ ချန်ပီယံ ဖြစ်ပေမယ့် မန်ယူ ကာရာဘောင်းက စောစောထွက်ခဲ့ရပြီး လှုပ်ခတ်စ ပြုလာတဲ့ နည်းပြ တန်ဟက် အနာဂတ်

ဒီနေ့မနက် အစောပိုင်းက ကစားခဲ့ကြတဲ့ ကာရာဘောင်းဖလား စတုတ္ထအဆင့် ပွဲစဉ်တွေမှာတော့ မန်ယူအသင်းက အိမ်ကွင်းမှာတင် နယူးကာဆယ်ကို ၃ ဂိုးပြတ် အရေးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲမှ ထွက်ခွါခဲ့ရပြီ ဖြစ်ပါတယ်။

ကာရာဘောင်း လက်ရှိ ချန်ပီယံ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ ပြိုင်ပွဲကနေ စောစောစီးစီး နှုတ်ထွက် ပေးလိုက်ရပြီ ဖြစ်ပြီး အိမ်ကွင်းမှာတင် ဂိုးပြတ် ရှုံးနိမ့်ခဲ့တာကြောင့် နည်းပြ တန်ဟတ် ရဲ့ အနာဂတ်က အနည်းငယ် စတင် လှုပ်ခတ်လာခဲ့ပြီ ဖြစ်ပါတယ်။

မန်ယူအသင်းရဲ့ ယခုတစ်ခေါက်ပွဲဟာ အသင်းတိုက်စစ်ပိုင်း အားနည်းမှုတွေကြောင့် အရှုံးပေးခဲ့ရတာ ဖြစ်ပြီး နယူးကာဆယ်ကတော့ ၎င်းတို့ရဲ့ အသင်းလိုက် ကစားအားတွေကြောင့် မန်ယူအသင်းကို ကျော်ဖြတ်ကာ ကွာတားအဆင့် တက်လှမ်းသွားခဲ့ပြီ ဖြစ်ပါတယ်။

မန်ယူအသင်းဟာ ယခုတစ်ခေါက်ပွဲမှာ အန်တိုနီကို တိုက်စစ်ပိုင်းမှာ စတင်ပွဲထုတ်သွားခဲ့ပေမယ့် ဒုတိယပိုင်းအစ သိပ်မကြာခင်မှာပဲ ပြန်လည် လူစားလဲလှယ်ခဲ့ရပြီး ဟွိုင်လန်း ပြန်လည် ပါဝင်လာခဲ့ပြီးနောက်မှသာ တိုက်စစ်ပိုင်းက အနည်းငယ် ပိုမိုအသက်ဝင်လာခဲ့တာ တွေ့ရပါတယ်။

ဒါ့အပြင် ရက်ရှ်ဖို့ဒ်ကို ပထမပိုင်းမှာကတည်းက တန်ဟတ် ထည့်သွင်းအသုံးပြုခဲ့ခြင်း မရှိတာတွေကြောင့်လည်း အသင်း တိုက်စစ်ပိုင်းက အသက်မဲ့နေခဲ့ရတာ ဖြစ်ပြီး ဖာနန်ဒက်စ်ကိုလည်း ဒုတိယပိုင်း သုံးဂိုးပြတ် ရှုံးနိမ့်ခဲ့ပြီးနောက်မှသာ တန်ဟတ် က ထည့်သွင်းအသုံးပြုခဲ့တာ တွေ့ရပါတယ်။

နယူးကာဆယ်အတွက် သွင်းဂိုးတွေကိုတော့ ပထမပိုင်းမှာကတည်းက အယ်မီရွန် နဲ့ လူးဝစ် ဟောတို့က စတင် သွင်းယူပေးခဲ့ပြီး ဒုတိယပိုင်းမှာလည်း ဝဲလ်လော့ခ်က ထပ်မံသွင်းယူပေးခဲ့တာကြောင့် ယခုလို ၃ ဂိုးပြတ် အနိုင်ရပြီး နောက်တစ်ဆင့် တက်လှမ်းသွားခဲ့တာ ဖြစ်ပါတယ်။

အခြားပွဲစဉ်တွေမှာတော့ ချဲလ်ဆီးက ဘလက်ခ်ဘန်းကို ၂ ဂိုးပြတ် အနိုင်ရခဲ့သလို လီဗာပူးလ်ကလည်း ဘုန်းမောက်ကို ၁-၂ နဲ့ အနိုင်ရခဲ့ပြီး အာဆင်နယ်ကတော့ ဝက်စ်ဟမ်းကို ၃-၁ နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲမှ ထွက်ခွါခဲ့ရပါတယ်။