ယူနိုက်တက်ရဲ့ အဆင့်အတန်းကို စနေနေ့ ဖူလ်ဟမ်နဲ့ပွဲမှာ ပြန် မြှင့်ပြမယ် လို့ ကာရာဘောင် ရှုံးပွဲ အပြီး တန်ဟက် ကတိစကား ဆို

မန်ယူနည်းပြ အဲရစ်တန်ဟက် က နယူးကာဆယ်ကို ရှုံးနိမ့်ကာ ကာရာဘောင်ဖလား ၁၆ သင်းရှုံးထွက်အဆင့်မှ ထွက်ခွာခဲ့ရပြီးနောက် မန်ချက်စတာယူနိုက်တက်ပရိသတ်များအတွက် စိတ်မကောင်းဖြစ်ရကြောင်းနဲ့ စနေနေ့ပွဲမှာ ပြန်လုပ်ပြမယ်လို့ ကြုံးဝါး ဖွင့်ဟစကား ဆိုခဲ့ပါတယ်။

ယူနိုက်တက်ဟာ အိုးထရက်ဖို့ဒ်ကွင်းတွင် နယူးကာဆယ်ကို ၃-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် ၆၁ နှစ်အတွင်း အဆိုးရွားဆုံး ရာသီ အစနှင့် ကြုံတွေ့နေရပါတယ်။

နယူးကာဆယ်ဟာ အယ်မီရွန်၊ လူးဝစ်ဟေးလ်၊ ဂျိုးဝဲလ်လော့ခ်တို့ရဲ့ ဂိုးဖြင့် ယူနိုက်တက်ကို အနိုင်ယူကာ ကာရာဘောင် ဖလားကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ပါတယ်။

အဲရစ်တန်ဟက်က “ကျွန်တော်တို့ မကောင်းခဲ့တာ သိပါတယ်။ ဒီအတွက် တာဝန်ယူရပါမယ်။ ဒီအရှုံးအတွက် ကျွန်တော့်မှာ တာဝန်ရှိပါတယ်။ ပရိသတ်တွေအတွက် စိတ်မကောင်းပါဘူး။ ကျွန်တော်တို့ရဲ့ အဆင့်က အောက် ကို ရောက်နေပါတယ်။

နေရာမှန်ပေါ်သို့ ပြန်ပို့ရပါမယ်။ ပြန်လည်ကောင်းမွန်လာအောင် လုပ်ရမယ်။ အလျှင်အမြန်ပြန်ထရပါမယ်။ စနေနေ့မှာ နောက်ပွဲ(ဖူလ်ဟမ်)ကစားဖို့ ရှိနေတယ်။ ကျုပ်တို့ရဲ့ အဆင့်အတန်းကို မြှင့်ရမယ်၊ ပြရမယ်”လို့ ပြောကြားသွားပါတယ်။

အဲရစ်တန်ဟက်ရဲ့ ယူနိုက်တက်ဟာ ယခုရာသီ ပထမဆုံး ၁၅ ပွဲတွင် ၈ ပွဲမြောက်အရှုံးနှင့် ကြုံတွေ့ထားရတာ ဖြစ်ပြီး ၁၉၆၂-၆၃ ရာသီနောက်ပိုင်း အဆိုးရွားဆုံးရာသီအစနှင့် ကြုံတွေ့နေပါတယ်။ ဒါ့အပြင် ယူနိုက်တက်ဟာ ၁၉၃၀-၃၁ ရာသီနောက်ပိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် အိမ်ကွင်း ၁၀ ပွဲတွင် ၅ ပွဲအထိ ရှုံးနိမ့်ထားပါတယ်။

ယူနိုက်တက်ဟာ မန်စီးတီးကို ၃-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် နယူးကာဆယ်ကို ၃-၀ ဂိုးဖြင့် အိမ်ကွင်းတွင် ၂ ပွဲဆက် ဂိုးပြတ်ရှုံးနိမ့်လာတာလည်း ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ၁၉၆၂ ခုနှစ်နောက်ပိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် အိမ်ကွင်းတွင် ၃ ဂိုးနှင့်အထက်ပေးရပြီး ဆက်တိုက်ရှုံးနိမ့်ခဲ့တာပါ။

တဖက်တွင် နယူးကာဆယ်ဟာ ၁၉၃၀ ခုနှစ်၊ စက်တင်ဘာလတွင် အိုးထရက်ဖို့ဒ်ကွင်းမှာ ၇-၄ ဖြင့် အနိုင်ယူပြီးနောက် အိုးထရက်ဖို့ဒ်ကွင်းမှာ အကြီးမားဆုံးနိုင်ပွဲ ရရှိခဲ့ပါတယ်။