အိုးထရက်ဖို့ဒ်မှာ ၃-ဝ နဲ့ ၂ပွဲဆက် ရှုံးအပြီး တန်ဟက်ကို ထုတ်ပယ်ဖို့ မန်ယူပရိသတ်များ တောင်းဆိုနေကြပါပြီ
မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေကတော့ မနေ့ညကနယူးကာဆယ်ကို အိမ်ကွင်းမှာ ဂိုးပြတ်ရှုံးခဲ့ပြီးနောက် နည်းပြတန်ဟတ်ရဲ့ ရာထူးအပေါ် မေးခွန်းထုတ်မှုတွေ ပြုလုပ်သွားခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ တနင်္ဂနွေညက မန်ချက်စတာဒါဘီမှာ မန်စီးတီးကို သုံးဂိုးပြတ် အရေးနိမ့်ခဲ့ပြီးနောက် နယူးကာဆယ်နဲ့ ကာရာဘောင်ဖလားပွဲစဉ် ဆက်ကစားခဲ့ရပါတယ်။
ဒါပေမယ့် လက်ရှိချန်ပီယံအသင်းဟာ အရန်အများစုနဲ့ ပွဲထွက်လာခဲ့တဲ့ နယူးကာဆယ်အသင်းကိုတောင် ဘယ်လိုမှ မယှဉ်နိုင်ခဲ့ဘဲ အိုးထရက်ဖို့ဒ်မှာ သုံးဂိုးပြတ် ထပ်မံ အရေးနိမ့်ခဲ့ပြန်ပါတယ်။

နယူးကာဆယ်အသင်းကတော့ ပြီးခဲ့တဲ့ရာသီ ယူနိုက်တက်ကို ကာရာဘောင်ဖလား ဗိုလ်လုပွဲမှာ နှစ်ဂိုးပြတ် အရေးနိမ့်ခဲ့ခြင်းအပေါ် လက်စားခြေနိုင်ခဲ့ပါတယ်။
ပွဲအပြီးမှာတော့ ယူနိုက်တက်ပရိသတ်တွေက တန်ဟတ်ရဲ့ ရာထူးအပေါ် လူမှုကွန်ယက်ကနေ အလုအယက် မေးခွန်းထုတ် ဝေဖန်မှုတွေ ပြုလုပ်သွားခဲ့ပါတယ်။
ပရိသတ်တစ်ဦးက “အိမ်ကွင်းမှာ နှစ်ပွဲဆက် သုံးဂိုးပြတ်စီ အရေးနိမ့်ခဲ့ပါတယ်။ ဒါက လုံလောက်တဲ့ကောင်းမွန်မှု မရှိဘူးဆိုတာကို ပြသနေတာပါ”လို့ ရေးသားခဲ့ပါတယ်။
နောက်တစ်ဦးက “တန်ဟတ်ရဲ့ရာထူးကတော့ ပြဿနာရှိနေပြီ။ သူထွက်သွားလည်း ငါ ဂရုမစိုက်ဘူး”လို့ ဆိုပါတယ်။ တတိယတစ်ဦးကတော့ “တန်ဟတ်ကို ထုတ်ပယ်တာက အဖြေမဟုတ်ပါဘူး”လို့ ကာကွယ်ခဲ့ပါတယ်။
နောက်တစ်ယောက်က “လိဂ်အောက်ခြေက အသင်းတွေတောင် ကျွန်တော်တို့ထက် ခံစစ်ပိုင်းစုဖွဲ့မှု ပိုကောင်းတာ တွေ့ရပါတယ်။ တန်ဟတ်အတွက် ဆင်ခြေထပ်ပေးလို့မရတော့ပါဘူး။ အသင်းက အပျော်တမ်းအဆင့်လိုဖြစ်နေတာကို ပြောချင်တာပါ”လို့ ပြောပါတယ်။
နောက်တစ်ဦးကလည်း “မော်ရင်ဟိုနဲ့ အိုလီက အသုံးစရိတ်နည်းနည်းနဲ့ ဒီထက်ပိုကောင်းအောင် လုပ်နိုင်ခဲ့ပါတယ်။ တန်ဟတ်က အပြောင်းအရွှေ့အသုံးစရိတ်တွေ အများကြီးသုံးပြီး ကစားပုံလည်းမရှိသလို ဘာကိုမှမလုပ်နိုင်ပါဘူး”လို့ ဆိုပါတယ်။
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ စနေညမှာတော့ ပရီးမီးယားလိဂ် ပွဲ အဖြစ် ဖူလ်ဟမ်အသင်းကို အဝေးကွင်းမှာ သွာရောက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။