ဇန်နဝါရီမှာ တိုက်စစ်မှုးသစ် ခေါ်ကို ခေါ်ယူတော့မယ့် မန်ချက်စတာ ယူနိုက်တက်ရဲ့ ပစ်မှတ် ၃ ဦး

ဒီတလော ရလဒ်ကောင်းတွေ ယူပြဖို့ ရုန်းကန်နေရတဲ့ မန်ချက်စတာယူနိုက်တက်ဟာ တိုက်စစ်မှာ တစ်ယောက်တည်း တိုင်ပတ်နေတဲ့ ရာ့စ်မွတ် ဟွိုင်လန်းကို အထောက်အပံ့ပေးနိုင်ဖို့ တိုက်စစ်မှူးတစ်ဦး ခေါ်ယူသွားဖို့ စီစဉ်လာပါတယ်။

ဟွိုင်လန်းဟာ ပြီးခဲ့တဲ့နွေရာသီမှာ အတ္တလန္တာကနေ ပေါင် ၇၂ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ချန်ပီယံလိဂ်မှာ ၃ ဂိုးအထိ သွင်းယူထားပေမယ့်လည်း ပရီးမီးယားလိဂ်မှာတော့ ဂိုးသွင်းယူနိုင်ခြင်း မရှိသေးပါဘူး။

ဒေးလီးမေးလ် သတင်း ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်ဟာ နောက်ထပ် အတွေ့အကြုံရှိတဲ့ တိုက်စစ်မှူးတစ်ဦး ထပ်မံခေါ်ယူတာက ဟွိုင်လန်းအတွက် အကျိုးအမြတ်ဖြစ်စေမှာဖြစ်သလို ဂိုးသွင်းရမယ့် တာဝန်ကိုလည်း လျော့ပါးစေ လိမ့်မယ်လို့ ယုံကြည်နေကြောင်း သိရပါတယ်။

ဒါကြောင့် မန်ချက်စတာယူနိုက်တက်ဟာ လက်ရှိမှာ ဥရောပတလွှားက တိုက်စစ်မှူးအများအပြားကို စောင့်ကြည့်နေပြီး အဲဒီထဲမှာ ဇန်နဝါရီလမှာ အသင်းကို စွန့်ခွာဖွယ်ရှိတဲ့ ဘရန့်ဖို့ဒ်ကြယ်ပွင့် အိုင်ဗန် တိုနီလည်း အပါအဝင်ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် မန်ချက်စတာယူနိုက်တက်ဟာ ပေါ်တိုဝါရင့်တိုက်စစ်မှူး မက်ဒီ တာရေမီကိုလည်း စောင့်ကြည့်နေတယ်လို့ သိရပြီး အသက် ၃၁ နှစ်အရွယ် တိုက်စစ်မှူးဟာ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ထဲကို ရောက်ရှိနေတဲ့ ကစားသမားဖြစ်ပါတယ်။

အီရန် တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီ ပေါ်တိုအတွက် ပြိုင်ပွဲစုံပါဝင်ကစားပေးခဲ့ရာမှာ ၃၁ ဂိုးအထိ သွင်းယူနိုင်ခဲ့သလို ယခုရာသီမှာလည်း ၁၂ ပွဲ ပါဝင်ကစားပေးထားရာမှာ ၃ ဂိုး သွင်းယူပေးထားတဲ့ ကစားသမားဖြစ်ပါတယ်။

နောက်ထပ် မန်ချက်စတာယူနိုက်တက်က စိတ်ဝင်စားနေတဲ့ ကစားသမားကတော့ နာပိုလီ တိုက်စစ်မှူး ဗစ်တာ အိုဆီမန်ဖြစ်ပြီး နိုင်ဂျီးရီးယားတိုက်စစ်မှူးဟာ အသင်းနဲ့ ပြဿနာတက်ခဲ့ပြီးနောက် စီးရီးအေချန်ပီယံတွေကို စွန့်ခွာဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ၂၀၂၃-၂၀၂၄ ရာသီကို ဆိုးဆိုးရွားရွား ဖြတ်သန်းနေရတာကြောင့် အဲရစ် တန်ဟက်ရဲ့ နည်းပြရာထူးက ဖိအားတွေအောက် ရောက်ရှိနေပြီး ရလဒ်တွေသာ ရှေ့ဆက်တိုးတက်လာခြင်းမရှိဘူးဆိုရင် နည်းပြ နေရာ အပြောင်းအလဲ ဖြစ်လာနိုင်ပါတယ်။