တန်ဟက်နဲ့ မန်ယူ ကစားသမားတွေကြား ဝိန်းရွန်နီ က ဘယ်သူ့ကို အပြစ်တင်၊ တာဝန်ယူခိုင်း သွားခဲ့သလဲ

မန်ချက်စတာယူနိုက်တက် ဂန္တဝင် တိုက်စစ်မှုးဟောင်းကြီး ဝိန်းရွန်းနီက မန်ယူ ကစားသမားတွေဟာ နည်းပြ အဲရစ်တန်ဟက်အပေါ် ဖိအားတွေ ကျရောက်အောင် ပြုလုပ်ခဲ့တယ်လို့ ပြစ်တင်ဝေဖန်လိုက်ပါတယ်။

ဒါ့အပြင် ကစားသမားတွေ အနေနဲ့ အဆိုပါဖိအားတွေနဲ့ ပတ်သက်ပြီး တာဝန်ယူသင့်တယ်လို့ ရွန်းနီက အခိုင်အမာ ဆိုလာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ကာရာဘောင်ဖလားပြိုင်ပွဲမှာ ယူနိုက်တက်ဟာ နယူးကာဆယ်ကို ဂိုးပြတ် ရှုံးနိမ့်ခဲ့တာကြောင့် နည်းပြ တန်ဟက်ဟာ ပရိသတ်တွေရဲ့ဝေဖန်မှုတွေနဲ့ခံနေရပြီး အသင်းကနေ နှုတ်ထွက်ပေးဖို့ပါ တောင်းဆိုခံ နေရပါတယ်။

အသင်းရဲ့ဆိုးဝါးတဲ့စွမ်းဆောင်ရည်အပြင်၊ တန်ဟက်ရဲ့ကစားသမားများအပေါ်ဆက်ဆံပုံနဲ့ ကစားသမားသစ် ခေါ်ယူတဲ့ အကြံဉာဏ်တွေကို ပရိသတ်တွေက အပြင်းအထန်ဝေဖန်နေကြတာဖြစ်ပါတယ်။

ဒါပေမယ့် က်ရှိ ချန်ပီယံရှစ်ကလပ် ဘာမင်ဂမ်ကို နည်းပြနေတဲ့ ယူနိုက်တက် ကစားသမားဟောင်း ဝိန်းရွန်းနီကတော့ တန်ဟက်ကို အပြစ်တင်လိုဟန်မရှိဘဲ ယူနိုက်တက်ကစားသမားတွေကိုသာ အပြစ်ပုံချလာခဲ့တာဖြစ်ပါတယ်။

ရွန်းနီက “ဒီ နည်းပြ အလုပ်က ဒီလိုပါပဲ။ ဒါက ဒီအလုပ်ရဲ့ တစ်စိတ်တစ်ပိုင်းပါ။ ဒီအလုပ်ကိုလုပ်ရင် ဒါတွေ ဖြစ်လာမယ်ဆိုတာ ကျွန်တော်တို့အားလုံးကြိုသိပြီးသားပါ။ ကျွန်တော် ဒီကိုရောက်လာတာတောင် ဖိအားတွေနဲ့ ကြုံတွေခဲ့ရတာပဲ။

တန်ဟက်အနေနဲ့ မန်ချက်စတာယူနိုက်တက်ကို ရောက်သွားရင် ဖိအားတွေရှိမယ်ဆိုတာ သေချာပေါက် သိပါလိမ့်မယ်။ ကျွန်တော်တို့လိုချင်သလို၊ ဒါမှမဟုတ် ကျွန်တော်တို့ မျှော်လင့်သလိုဖြစ်လာဖို့က ခက်ခဲပါတယ်။ ဒါပေမယ့် ဒီပြဿနာနဲ့ပတ်သက်ပြီး ကစားသမားတွေမှာလည်း တာဝန်အများကြီးရှိတယ်လို့ ထင်ပါတယ်။

ကျွန်တော် သိထားတဲ့ ယူနိုက်တက်ရဲ့ကစားသမားအချို့ဟာ သူတို့စွမ်းဆောင်နိုင်တဲ့အဆင့်ထိ ရောက်အောင် မစွမ်းဆောင်ကြပါဘူး။ ဒါပေမယ့် အဆုံးမှာတော့ အားလုံးဟာ မန်နေဂျာရဲ့ခေါင်းပေါ်ကိုပဲ ပုံကျလာပါတယ်။ ဒါက မန်နေဂျာတွေရဲ့ ဘဝပါပဲ။

ဝေဖန်မှုတွေကတော့ နောက်ထပ် ရက်သတ္တပတ်အနည်းငယ်လောက် ရှိနေဦးမှာပါ။ ဒါပေမယ့် ယူနိုက်တက် ကစားသမားတွေ အနေနဲ့ လာမယ့်ပွဲတွေမှာ သူတို့လက်ရှိလုပ်နေတာထက် ပိုကောင်းအောင်လုပ်နိုင်မယ်လို့ ထင်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။