မန်ယူအသင်းကို ထပ် ထပ် ငြင်းနေရတာ အားတောင် နာလာပြီ ပြောနေတဲ့ စပို့တင်း နည်းပြ အမ်မိုရင်း
ဒီရက်ပိုင်းမှာပဲ မန်ချက်စတာ ယူနိုက်တက်က တန်ဟက် နေရာ အတွက် အစားထိုး နည်းပြ ပစ်မှတ်တွေ အဖြစ် ဇီဒနန်းနဲ့ စပို့တင်း နည်းပြ အမ်မိုရင်း တို့ကို ချိန်နေကြောင်း သတင်း ထွက်နေတာပါ။
မန်ယူအသင်းနည်းပြ ရာထူးအတွက် ရေပန်းစားနေတဲ့ စပို့တင်း လစ္စဘွန်း နည်းပြ အမ်မိုရင်းကတော့ အဆိုပါ ရာထူးကို စိတ်ဝင်စားခြင်း မရှိကြောင်း ပြန်လည် တုန့်ပြန်သွားခဲ့ပါတယ်။

လက်ရှိရာသီအစ ရလဒ်ဆိုးတွေကြောင့် မန်ယူအသင်းဟာ အသင်းနည်းပြ အပြောင်းအလဲ ပြုလုပ်ဖို့ စီစဉ်နေပြီ ဆိုပြီး သတင်းတွေ ထွက်ပေါ်နေတာကြောင့် ပရိသတ်တွေက ၎င်းတို့ရဲ့ နည်းပြသစ်ဖြစ်လာမယ့်သူကို အထူး စိတ်ဝင်စားနေကြပါတယ်။
အမ်မိုရင်းကတော့ တန်ဟတ် မန်ချက်စတာ အသင်းကို မကိုင်တွယ်ခင်ကတည်းက မန်ယူအသင်းနဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။
မန်ယူအသင်းနဲ့ ပတ်သက်ပြီး အမ်မိုရင်းက “ ပြီးခဲ့တဲ့နှစ်က ဖြေပေးခဲ့ရတဲ့ မေးခွန်းကို ကျွန်တော် ဒီနှစ် ပြန် အဖြေမပေးချင်တော့ပါဘူး၊ ဒီလို အနေအထားနဲ့ ပတ်သက်ပြီး ကျွန်တော် ဘာတစ်ခုမှ အဖြေပေးမှာ မဟုတ်သလို အနာဂတ်ကိုလည်း ကျွန်တော်တို့ ကြိုမသိနိုင်ပါဘူး၊ အရာအားလုံးက ရလဒ်အပေါ် မူတည်ပြီး ပြောင်းလဲနေရတာပါ။
နောက်ပြီး မန်ယူနဲ့လည်း ကျွန်တော်နဲ့ ဘာဆက်သွယ်မှုမှ မရှိထားပါဘူး၊ ဒါ့ကြောင့် ကျွန်တော် ဘာတစ်ခုမှ ပြောဆိုသွားမှာ မဟုတ်သလို အသင်းနဲ့ ကျွန်တော် ချုပ်ဆိုထားတဲ့ စာချုပ်ကိုလည်း လေးစားရပါလိမ့်မယ် ” ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။
အမ်မိုရင်းဟာ စပို့တင်းကို လွန်ခဲ့တဲ့ ၂၀၂၀ ကတည်းက စတင် နည်းပြနေတာ ဖြစ်ပြီး လက်ရှိ အချိန်အထိ အသက် ၃၈ နှစ်သာ ရှိနေသေးပေမယ့် ပထမရာသီမှာတင် စပို့တင်းအတွက် ၁၉ နှစ်ကြာ စောင့်ဆိုင်းနေခဲ့ရတဲ့ အမှတ်ပေး ဖလားကို ရယူပြနိုင်ခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။