မန်ချက်စတာ ယူနိုက်တက်နဲ့ အတူ ရည်မှန်းချက် အမြင့်ကြီးတွေ ရှိကြောင်း နည်းပြ တန်ဟက် ကြွေးကြော်
မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ်တန်ဟက်က သူ၌အသင်းဟာ မြင့်မားတဲ့ရည်မှန်းချက်တွေရှိနေကြောင်း အခိုင်အမာပြောကြားခဲ့ပြီး ဖိအားတွေအောက်မှာ ကစားသမားတွေ အနေနဲ့ အတူတကွ စည်းစည်းလုံးလုံး ရှိနေဖို့လိုကြောင်း တိုက်တွန်းခဲ့ပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကျင်းပပြုလုပ်ခဲ့တဲ့ Football Writers’ Association ဆုပေးပွဲမှာ တန်ဟက်က ယူနိုက်တက်မှာ ပစ်မှတ်ထားနေတဲ့ ဆုဖလားတွေရှိနေကြောင်း အခိုင်အမာပြောဆိုကာ လက်ရှိရာသီမှာ စွမ်းဆောင်ရည် ကျဆင်းနေတဲ့ အသင်းရဲ့ ကစားသမားတွေကို ယုံကြည်မှုတိုးပွားစေခဲ့ပါတယ်။
ပြီးခဲ့တဲ့စနေနေ့က ယူနိုက်တက်ဟာ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ရဲ့ တစ်လုံးတည်းသော နောက်ကျသွင်းဂိုးနဲ့ အတူ ဖူလ်ဟမ်ကို အနိုင်ရရှိခဲ့တာကြောင့် နိုင်ပွဲပြန်လည်ရှာတွေ့ခဲ့ပြီဖြစ်ပါတယ်။

တန်ဟက်က “ဘောလုံးမှာ အရေးအကြီးဆုံးက ဆုဖလားတွေဆွတ်ခူးဖို့ပါ။ မန်ချက်စတာယူနိုက်တက်မှာ ဆာအဲလက်စ် ဖာဂူဆန်နဲ့ အတူ ဆုဖလားတွေအများအပြားဆွတ်ခူးပြီး အကောင်းဆုံးလုပ်ပြနိုင်ခဲ့လို့ နောက်ပိုင်း နည်းပြတွေမှာ အခက်အခဲတွေကြုံတွေ့လာရပါတယ်။
ဒါက ကျွန်တော်တို့အတွက် စိန်ခေါ်မှုပါပဲ။ ဒီစိန်ခေါ်မှုကနေလည်း ရှောင်ထွက်သွားမှာမဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ရာသီ ယူနိုက်တက်နည်းပြဘဝ စတင်ခဲ့ချိန်မှာ အခက်အခဲတွေကြုံတွေ့ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ကောင်းမွန်တဲ့ရာသီတစ်ခုကို ပိုင်ဆိုင်ခဲ့ပါတယ်။
အဲဒီရလဒ်နဲ့ပတ်သက်ပြီး ကျေနပ်ပေမယ့် ကျွန်တော်တို့က ဒီလောက်နဲ့မလုံလောက်သေးပါဘူး။ ကျွန်တော်တို့မှာ မြင့်မားတဲ့ ရည်မှန်းချက်တွေရှိနေသေးတာကြောင့် အဲဒါတွေကို အရယူသွားမှာပါ” လို့ပြောကြားခဲ့ပါတယ်။
လာမယ့်ဗုဒ္ဓဟူးနေ့မှာတော့ ယူနိုက်တက်ဟာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ကိုပင်ဟေဂင်နဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ယူနိုက်တက်ဟာ ချန်ပီယံလိဂ်ဖလားနဲ့ ၁၀ စုနှစ် ၁ ခုကျော်ကြာ ဝေးကွာနေခဲ့တာဖြစ်ပါတယ်။
မကြာသေးမီက အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ ရလဒ်ဆိုးတွေဆက်တိုက် ကြုံတွေ့ခဲ့ရကြောင့် အသင်းကနေ ထုတ်ပယ်ခံရဖို့အထိ သတင်းတွေထွက်ခဲ့ပေမယ် တန်ဟက်က ၎င်းရဲ့အသင်းဟာ မြင့်မားတဲ့ရည်မှန်းချက်တွေဆီ အရောက်လှမ်းနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။