နယူးကာဆယ်၊ ချယ်ဆီး၊ လီဗာပူးတို့ ပါဝင်နေတဲ့ လာမယ့် ပရီးမီးယားလိဂ် ၆ ပွဲမှာ မန်ယူ ဘယ်နှစ်မှတ် ယူနိုင်မလဲ

ဆောင်းရာသီထဲ ဝင်လာတော့မှာနဲ့ အမျှ ကလပ်အသင်း ပွဲစဉ်တွေကလည်း ခပ်စိပ်စိပ် ကြပ်လာတော့မှာ ဖြစ်ပါတယ်။

ပြိုင်ပွဲ ပေါင်းစုံမှာ ပါဝင် ကစားနေကြရတဲ့ ပရီးမီးယားလိဂ် ကလပ် အသင်းကြီးတွေကတော့ အမှား ခံလို့ မရတဲ့ ကာလထဲ ရောက်လာမှာပါ။

မန်ချက်စတာ ယူနိုက်တက်ဟာ ချန်ပီယံလိဂ် အုပ်စုကနေ ကျော်လွန်ဖို့နဲ့ ပရီးမီးယားလိဂ်မှာ လမ်းကြောင်းမှန်ပေါ် ပြန်တက်ဖို့ လိုအပ်နေပါတယ်။

မန်ချက်စတာ ယူနိုက်တက်ရဲ့ လာမယ့် ပရီးမီးယားလိဂ် ၆ ပွဲ ကို မြင်သာအောင် စုစည်း ဖော်ပြပေးလိုက်ပါတယ်။

လူတန် (အိမ်ကွင်း) ၊ အဲဗာတန် (အဝေးကွင်း) ၊ နယူးကာဆယ် (အဝေးကွင်း) ၊ ချယ်ဆီး (အိမ်ကွင်း) ၊ ဘုန်းမောက် (အိမ်ကွင်း) ၊ လီဗာပူး (အဝေးကွင်း)။

ယူနိုက်တက်ဟာ အသင်းငယ် ၃ သင်း၊ အသင်းကောင်း ၃ သင်းဖြင့် ထိပ်တိုက်တွေ့မှာဖြစ်ပြီး ဒီ ၆ ပွဲမှာ ၁၀ မှတ် ဒါမှမဟုတ် ၁၀ မှတ် အထက် ရမယ်ဆိုရင် ကောင်းမွန်တဲ့ ကျော်ဖြတ်မှု ဖြစ်လာမှာပါ။

အဆင့် ၃ နေရာက လီဗာပူးနဲ့ ရမှတ် ၆ မှတ်ပဲ ကွာနေသေးတာဖြစ်လို့ ဒီ ၆ ပွဲအတွင်း ရမှတ် များများယူနိုင်ခဲ့ရင် ထိပ်ဆုံး ၄ နေရာ ပြိုင်ဆိုင်မှုထံ ပြန်ဝင်ရောက်နိုင်မှာ ဖြစ်ပါတယ်။