ဒီရာသီ ပရီးမီးယားလိဂ်မှာ VAR ကြောင့် အထိအနာဆုံး အသင်းက မန်ချက်စတာ ယူနိုက်တက် ဖြစ်နေပါတယ်

ပြီးခဲ့တဲ့ ပွဲစဉ် ၁၁ အပြီးမှာ VAR ကြောင့် ပရီးမီးယားလိဂ်မှာ အာဆင်နယ်အသင်း ပထမဆုံး အရှုံး စ ကြုံခဲ့ရတာဟာ အတော်လေးကို ရိုက်ခတ်မှုကြီးမားသွားခဲ့ပါတယ်။

အာဆင်နယ်နည်းပြ အာတီတာက ဆိုရင် ဒေါသမထိန်းနိုင်ဘဲ နယူးကာဆယ်နဲ့ပွဲက VAR ဆုံးဖြတ်ချက်ကို ကျက်သရေ မရှိဘူးလို့ ဆိုခဲ့သလို သူ့ကလပ်ကလည်း အဲဒီပွဲအပြီးမှာ သူတို့နည်းပြပြောခဲ့တာတွေကို ထောက်ခံကြောင်း ကြေညာချက်ထုတ်ခဲ့တာပါ။

ဒါပေမဲ့ ဒီရာသီပရီးမီးယားလိဂ်မှာ VAR ဒဏ် အခံရဆုံး အသင်းက မန်ချက်စတာ ယူနိုက်တက် ဖြစ်နေကြောင်း အချက်အလက်တွေ ထွက်ပေါ်လာပါတယ်။

ESPN သတင်းဌာနက ပရီးမီးယားလိဂ်အသင်းတိုင်းကြုံံတွေ့ခဲ့ရတဲ့ VAR ဆုံးဖြတ်ချက်အားလုံးကို ဒေတာစုပြီး လေ့လာဆန်းစစ်မှုလုပ်ခဲ့တာပါ။ အဲဒီမှာ VAR နဲ့ ဆုံးဖြတ်တိုင်း အထိနာဆုံးအသင်းက မန်ယူဖြစ်နေတာကို တွေ့ရပါတယ်။

ESPN ရဲ့လေ့လာဆန်းစစ်မှုအရ တန်ဟက်ရဲ့အသင်းဟာ ဂိုးသွင်းပြီး VAR စစ်ဆေးမှုနဲ့ ကြုံခဲ့ရတာ ၅ ကြိမ်ရှိခဲ့တာပါ။

အဲဒီ ၅ ကြိမ်မှာ တစ်ကြိမ်ပဲ ဂိုးအဖြစ် ခွင့်ပြုခံရပြီး ကျန်တဲ့ ၄ ကြိမ်မှာတော့ ဂိုးအဖြစ်ခွင့်ပြုဖို့ ပယ်ချခံခဲ့ရပါတယ်။

အနီးစပ်ဆုံးအနေနဲ့ ပြီးခဲ့တဲ့စနေက ဖူလ်ဟမ်နဲ့ပွဲမှာ မန်ယူဟာ ၈ မိနစ်မှာတင် ဦးဆောင်ဂိုးသွင်းခဲ့ပေမယ့် မက်ဂွိုင်းယား လူကျွံတယ်ဆိုပြီး တွမ်မီနေးရဲ့ဂိုးဟာ အငြင်းပွားဖွယ်ပယ်ချခံခဲ့ရတာပါ။

အာဆငနယ်၊ ဘန်လေတို့နဲ့ အဝေးကွင်း၊ ဘရိုက်တန်နဲ့အိမ်ကွင်းပွဲတွေမှာလည်း မန်ယူသွင်းတဲ့ဂိုးတွေဟာ VAR ကြည့်ပယ်ဖျက်ခံခဲ့ရပါတယ်။

အိုးလ်ထရက်ဖို့ဒ်မှာ ကန်ခဲ့တဲ့ မန်ချက်စတာဒါဘီမှာလည်း မန်စီးတီးကို ပေးလိုက်ရတဲ့ပင်နယ်တီဟာ VAR ကြည့်ပြီး ပေးခဲ့ရတာ ဖြစ်ပါတယ်။