ဒီည မန်ယူအသင်းကို အနိုင် ကစားပြမယ်လို့ ပွဲကြို စိန်ခေါ်လိုက်တဲ့ ကိုပင်ဟေဂင် နည်းပြ ဂျက်ကော့နီစထရပ်

ဒီနေ့ညမှာ ကစားရမယ့် မန်ချက်စတာယူနိုက်တက်နဲ့ ကန်ရမယ့် ချန်ပီယံလိဂ် အုပ်စုပွဲစဉ် ကို အနိုင်ကစားသွားမယ်လို့ ကိုပင်ဟေဂင် နည်းပြ ဂျက်ကော့နီစထရပ်က ပွဲကြိုမှာ စိန်ခေါ်စကား ပြောဆိုလိုက်ပါတယ်။

ပထမအကျော့က အိုးထရက်ဖို့ဒ်မှာ ကိုပင်ဟေဂင်က ၁-၀ နဲ့ အရေးနိမ့်ခဲ့တာပါ။ ထိုပွဲမှာ ကိုပင်ဟေဂင်က သရေ ကျလုနီးပါးဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့ကာ ပွဲချိန်နောက်ဆုံးမိနစ် ပင်နယ်တီကို အိုနာနာကာကွယ်နိုင်ခဲ့လို့သာ ရှုံးပွဲ တွေ့သွားခဲ့တာပါ။

အိမ်ကွင်းမှာ ကစားရမယ့်ပွဲအတွက် နီစထရပ်က ယုံကြည်ချက်အပြည့်ရှိနေပြီး ယူနိုက်တက်အနေနဲ့ ပထမအကျော့ကလို ရလဒ်မျိုး မမျှော်လင့်ထားနဲ့လို့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

နည်းပြ နီစထရပ်က “ပထမအကျော့တုန်းက ကျနော်တို့ ၁ဂိုးတည်းနဲ့ ရှုံးနိမ့်ခဲ့တာပါ၊ အိုးထရက်ဖို့ဒ်မှာ အကောင်းဆုံး ကစားနိုင်ခဲ့တယ်၊ ဒါပေမယ့် ကျနော်တို့အိမ်ကွင်း ပါကန်မှာတော့ သူတို့ ဒီလိုမျှော်လင့်ထားလို့မရပါဘူး၊ သူတို့ကို အနိုင် ကစားသွားမှာပါ၊ အိုးထရက်ဖို့ဒ်နဲ့ ပါကန်က အများကြီးကွာခြားပါတယ်”

“ကျနော်တို့ ပရိသတ်တွေရဲ့ အားပေးမှုက သူတို့အိုးထရက်ဖို့ဒ်မှာ သူတို့ ပရိသတ်အားပေးတာနဲ့ဆိုရင် အဆ ၁၀၀ လောက် ကွာဟပါတယ်၊ ရိုးရိုးသားသားပြောရရင် ပရီးမီးယားလိဂ်ရဲ့ အထက်မှာတောင် ကျနော်တို့ရဲ့ အားပေးမှုစံနှုန်းက ရှိနေတာပါ”လို့ ပြောဆိုခဲ့ပါတယ်။

ဒီအုပ်စုမှာတော့ ဘိုင်ယန်က နောက်တဆင့်ကို တက်ရောက်ခဲ့ပြီဖြစ်ကာ ဒုတိယနေရာကို ဂါလာတာစာရေးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ အပြိုင်လုရမှာဖြစ်ပါတယ်။

ယူနိုက်တက်ကတော့ ဒီပွဲကို မဖြစ်မနေ အနိုင်ရဖို့ လိုအပ်နေတာဖြစ်ပြီး နောက်တဆင့်ကို တက်ရောက်ဖို့အတွက် အမှတ် လိုအပ်ချက် မြင့်မားနေဆဲဖြစ်ပါတယ်။