ဟွိုင်လန်း ဂိုးတွေ သွင်းခဲ့ပေမယ့် ရက်ဖို့ဒ် အနီကတ်၊ တန်ဟက် ခေါင်းမာတဲ့ လူစာရင်းနဲ့ အတူ မန်ယူ ၄-၃ နဲ့ အရေးနိမ့်ခဲ့ရတဲ့ ချန်ပီယံလိဂ် ရှုံးပွဲ

ညက ကစားခဲ့တဲ့ ကိုပင်ဟေဂင်နဲ့ မန်ချက်စတာ ယူနိုက်တက် တို့ရဲ့ ချန်ပီယံလိဂ်အုပ်စုပွဲမှာ အငြင်းပွားစရာ အချို့ရှိခဲ့ပြီး ကိုပင်ဟေဂင်က ၄-၃ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့တာပါ။ ဒီရှုံးပွဲ ပြီးနောက် ယူနိုက်တက်တို့ အုပ်စုမှာ အောက်ဆုံးနေရာကို ရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ တိုက်စစ်မှူး ဟွိုင်လန်းရဲ့ ဂိုးနှစ်ဂိုးအပြင် အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်ရဲ့ ပင်နယ်တီပါ ရခဲ့ပေမယ့် သည်းထိတ်ရင်ဖို ကိစ္စတွေနဲ့ သိပ်ကို ရင်းနှီးနေတဲ့ မန်ချက်စတာယူနိုက်တက်တို့ ကိုပင်ဟေဂင်ကွင်းမှာ ရှုံးပွဲနဲ့ပဲ ရင်ဆိုင်ခဲ့ကြရတာ ဖြစ်ပါတယ်။

ဒီပွဲ လူစာရင်းမှာ မန်ယူက ဂိုးသမား အိုနာနာ၊ ခံစစ်မှာ မက်ဂွိုင်းယား၊ အီဗန်စ်၊ ဝန်ဘစ်ဆာကာနဲ့ ဒါလော့တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ မက်တော်မီနေး၊ အဲရစ်ဆန်နဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ် မှာတော့ ရက်ရှ်ဖို့ဒ်၊ ဂါနာချိုနဲ့ ဟွိုင်လန်းတို့ကို ပွဲထုတ်လာခဲ့တာပါ။

ပွဲချိန် ၃ မိနစ်မှာကတည်းက မန်ချက်စတာသားတွေ အဖွင့်ဂိုးကို စတင်သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဒါလော့နဲ့ ဘရူနို ဖာနန်ဒက်စ်တို့ရဲ့ ကောင်တာကနေ ညာခြမ်းကို ပို့ပေးပြီး တိုက်စစ်ဆင်ခဲ့ရာမှာ ဝန်ဘစ်ဆာကာ ချပေးတဲ့ ဘောလုံးကို မက်တော်မီနေးက ဧရိယာထဲကနေ အနိမ့်ဘော ဖြတ်ချိုးပေးရာမှာ ဟွိုင်လန်းက အမှားအယွင်းမရှိ အနီးကပ် ပိတ်သွင်းနိုင်ခဲ့တာပါ။

လင်ဒီလော့ဖ်နဲ့ ဗာရန်းတို့ အကောင်းကြီးအတိုင်း ရှိနေကြပေမယ့် အီဗန်စ်နဲ့ မက်ဂွဲယားကိုပဲ သုံးခဲ့တာက နည်းပြ တန်ဟတ်ရဲ့ ခေါင်းမာလွန်းတဲ့ အစွဲလို့ပဲ ဆိုရဦးမှာဖြစ်သလို ပွဲချိန် ၁၆ မိနစ်မှာတော့ အီဗန်စ် နာသွားခဲ့တာကြောင့် တန်ဟက်အနေနဲ့ သူခေါက်ထားခဲ့တဲ့ ဗာရန်းနဲ့ပဲ လဲကစားခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန် ၂၇ မိနစ်မှာတော့ မန်ယူတို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့ကြပြန်သလို ဒီဂိုးကိုတော့ ကိုပင်ဟေဂင် ကွင်းလယ်သမားတွေရဲ့ လောကြီးမှုကနေ ပြန်ရသွားခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ်က ကောင်တာစတင်ခဲ့ပြီး ဘယ်တောင်ပံကို ခင်းပေးခဲ့ရာမှာတော့ ဂါနာချိုက ဂိုးရှေ့ကို ဖြတ်ချိုးပေးရမယ့်အစား ကန်သွင်းခဲ့ရာမှာ ဂိုးသမား ကာကွယ်နိုင်ခဲ့ပေမယ့် နောက်က လိုက်လာတဲ့ ဟွိုင်လန်းကပဲ ပိတ်သွင်းနိုင်ခဲ့တာပါ။

ပွဲချိန် ၄၂ မိနစ်မှာတော့ တစ်ဖက်ကစားသမား ယယ်လာ့ထ်ကို ခြေထောက်ကျိုးသွားနိုင်လောက်တဲ့ တက်နင်းမှုမျိုး ပြုလုပ်မိခဲ့တဲ့ ရက်ရှ်ဖို့ဒ်ကို ဒိုင်လူကြီး ဒိုနာတက်စ် ရွမ်ဆက်စ်က VAR ပြန်ကြည့်ပြီး တိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ်သွားခဲ့တာကြောင့် မန်ယူတို့ အဝေးကွင်းမှာ တစ်ယောက်လျော့နဲ့ ကစားခဲ့ရပြီး ကံဆိုးဖို့ ဒုတိယ အလှည့်အပြောင်း ဖြစ်သွားခဲ့တာပါ။

ပွဲချိန် ၄၅ မိနစ်မှာတော့ ကိုပင်ဟေဂင်တို့ ချေပဂိုးတစ်ဂိုးကို ပြန်လည်ရှာဖွေသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ဘယ်တောင်ပံက ဂွန်ဆာလ်ဗက်စ်က အတွင်းကို မြေမကျ ပြန်ရိုက်ချပေးခဲ့တာကို အယ်လ်ယူနူစီက မဆိုင်းမတွ ကန်သွင်းပြီး ရယူသွားခဲ့တာဖြစ်ပါတယ်။

၁၃ မိနစ်အထိ ပေးခဲ့တဲ့ နာကျင်အချိန်ပိုရဲ့ ၉ မိနစ်မြောက်မှာတော့ လူရွှင်တော်ဖြစ်ဖို့ အရန်ခုံက ထလာခဲ့တဲ့ ဗာရွန်းရဲ့ ဧရိယာထဲက အိုးနင်းခွက်နင်း လက်ထိဘောကြောင့် မန်ယူတို့ ပင်နယ်တီ ပေးခဲ့ရပြီး ဒီအခွင့်အရေးကိုတော့ ကိုပင်ဟေဂင် ကွင်းလယ်လူ ဂွန်ဆာလ်ဗက်စ်က ကန်သွင်း သွားနိုင်ခဲ့တာကြောင့် ပထမပိုင်းအပြီးမှာ နှစ်ဂိုးစီ သရေကျနေခဲ့ကြပါတယ်။

ဒုတိယပိုင်းအစမှာတော့ မန်ယူတို့ဘက်က အဲရစ်ဆန်အစား အမ်မရာဘတ်ကို လူစားလဲကစားခဲ့ကြသလို ကွင်းလယ်မှာ Deep Lying ထားပြီး ကောင်တာတွေကနေ ဆယ်ယောက်နဲ့ တန်ပြန်ထိုးနှက်နိုင်ဖို့ ကြိုးစားခဲ့ပေမယ့် ဂါနာချိုရဲ့ အလုပ်မဖြစ်ခဲ့လို့ စိတ်ပျက်ခဲ့ရပြီး အိုနာနာကတော့ အမှားမရှိဘဲ ကာကွယ်နေခဲ့တာကြောင့် ကိုပင်ဟေဂင်တို့ဘက်က ဂိုးထပ်ရနိုင်ဖို့ အယ်လ်ယူနူစီအစား လူငယ်တောင်ပံသမား ဘာ့ဂ်ဂျီကို ထည့်သွင်းလာခဲ့တာပါ။

ပွဲချိန် ၆၉ မိနစ်မှာတော့ မန်ယူတို့ တတိယဂိုး ထပ်မံသွင်းယူနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ မက်ဂွိုင်းယားရဲ့ ခေါင်းတိုက် ချက်က ကိုပင်ဟေဂင် ကစားသမား လီရာဂါရဲ့ လက်နဲ့ထိတယ်ဆိုပြီး VAR ပြန်ကြည့်ခဲ့လို့ ရရှိခဲ့တဲ့ ပင်နယ်တီကို ဘရူနို ဖာနန်ဒက်စ်က ကန်သွင်းခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ပွဲပြီးခါနီးမှာ မန်ယူ အသင်းက လုံးဝပြိုကျသွားခဲ့ပြီး (၈၃) မိနစ်နဲ့ (၈၇) မိနစ်တို့မှာ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ဆက်တိုက် ပေးလိုက်ရပါတယ်။

ဒီ ရှုံးပွဲ ရလဒ်ကြောင့် ယူနိုက်တက်တို့ အုပ်စု (၄) ပွဲကစားပြီးချိန်မှာ ရမှတ် (၃) မှတ်နဲ့ အုပ်စု အောက်ဆုံးနေရာ ရောက်သွားခဲ့ပါတယ်။

ကိုပင်ဟေဂင်၊ ဂါလာတာစာရေးတို့က ရမှတ် (၄) မှတ်စီနဲ့ အဆင့် (၂)၊ (၃) တို့မှာ အစဉ်လိုက် ရပ်တည် နေပါတယ်။ ဘိုင်ယန်မြူးနစ်ကတော့ ရမှတ် (၁၂) မှတ်နဲ့ အုပ်စုပထမနေရာ သေချာသွားခဲ့ပြီး ယူနိုက်တက်တို့ လာမယ် နှစ်ပွဲစလုံးမှာ တစ်မှတ်တောင် အလျော့မခံမှသာ နောက်တစ်ဆင့်ကို တက်ဖို့ မျှော်လင့်ချက်ရှိမှာဖြစ်ပါတယ်။