ဒီရာသီ မန်ယူမှာ တန်ဟက် မဟန်ပေမယ့် အခုထိ နည်းပြ ရာထူး မပြုတ်သေးတဲ့ အဓိက အကြောင်းအရင်း တစ်ရပ်
ဒီရာသီ ရလဒ်ဆိုး၊ ခြေစွမ်းဆိုးတွေနဲ့ ရုန်းကန်နေရတဲ့ တန်ဟက်ရဲ့ မနချက်စတာ ယူနိုက်တက်ဟာ မနေ့က ကိုပင်ဟေဂင်ကို အရေးနိမ့်တဲ့ ပွဲအပြီးမှာတော့ ချန်ပီယံလိဂ် မှာ အုပ်စုအဆင့်ကနေ ရှုံးထွက် အဆင့်ထံ တက်ရောက်နိုင်ဖို့ မျှော်လင့်ချက် နည်းပါးသွားပြီ ဖြစ်ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ အုပ်စု လက်ကျန် ၂ ပွဲကို အကောင်းဆုံး ကျော်ဖြတ်ဖို့ အပြင် ပြိုင်ဘက်တွေ ခြေချော်ဖို့လည်း မျှော်လင့်နေရမှာပါ။

၁၉၇၃-၇၄ နောက်ပိုင်း အဆိုးရွားဆုံးသော ရှုံးပွဲမှတ်တမ်းတွေကို ရရှိလာနေခဲ့ပေမယ့် နည်းပြတန်ဟက်ကို ရာထူးကနေ ထုတ်ပယ်ဖို့ မန်ချက်စတာ တာဝန်ရှိသူတွေဘက်က အလျင်စလို ကြိုးစားဦးမှာ မဟုတ်ပါဘူး။
အကြောင်းအရင်း တစ်ခု ကတော့ ဆာအဲလက်စ်က တန်ဟက်ကို နည်းပြရာထူး အတွက် ထောက်ခံပေးနေလို့ပါပဲ။
မန်ချက်စတာ ယူနိုက်တက်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ် တစ်ခု ကတော့ “ တန်ဟက်ကို ဆာအဲလက်စ်က အခုထိ အားပေး ထောက်ခံနေဆဲပါ။ ကလပ်ကို ရောက်လာကတည်းက ဆာအဲလက်စ်က တန်ဟက်ကို အတော်လေး ထောက်ခံ အားပေးနေခဲ့ပါတယ်။
ကြီးမားတဲ့ ဆုံးဖြတ်ချက်တွေအတွက် တန်ဟက်ရဲ့ ကိုင်တွယ်မှုတွေကိုလည်း ဆာအဲလက်စ်က အထင်ကြီးထားပါတယ်။ ကလပ်ထံ ဝင်ရောက်လာတဲ့ ရင်းနှီးမြုပ်နှံမှု အသစ်တွေကိုလည်း တန်ဟက်ကို ဆက်လက် နေရာပေးထားဖို့ ဆာအဲလက်စ်က ထောက်ခံပေးသွားဦးမှာ ဖြစ်ပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ နည်းပြသစ် နေရာအတွက် ရှာဖွေ လေ့လာမှုတွေတော့ ရှိပြီး ရီးရဲလ်နည်းပြဟောင်း ဇီဒန်းနဲ့ စပို့တင်း နည်းပြ အာမိုရင် တို့ကို သဘောကျနေပါတယ်။