ချန်ပီယံလိဂ်မှာ မန်ယူနဲ့ နယူးကာဆယ်တို့ ဂဂျောင်ရိုက်နေလို့ ပရီးမီးယားလိဂ် ကလပ်တွေ အထိနာပါတော့မယ်
လာမယ့် ၂၀၂၄-၂၅ ဘောလုံးရာသီမှာ ပုံစံပြောင်းပြီး ကျင်းပမယ့် ချန်ပီယံ လိဂ်ပြိုင်ပွဲအတွက် မန်ယူအသင်းနဲ့ နယူးကာဆယ် တို့ရဲ့ လက်ရှိ အနေအထား ကြောင့် ပရီးမီးယားလိဂ် ကလပ်တွေ အထိနာဖို့ ရှိနေပါတယ်။
ပုံစံသစ်နဲ့ ကျင်းပမယ့် လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဆင့်မှာ အသင်း ၄ သင်း ပိုလာတော့မှာဖြစ်ပြီး အဲဒီ ပိုလာတဲ့ ၄ သင်းကို ကလပ်အသင်း မြှောက်ဖော်ကိန်းတွေကတစ်ဆင့် စွမ်းဆောင်ရည် အကောင်းဆုံး လိဂ် ၂ ခုထဲ ကနေ ရွေးထုတ်မှာ ဖြစ်ပါတယ်။

ကလပ်အသင်း မြှောက်ဖော်ကိန်း(club coefficient)ဆိုတာဟာ ယူအီးအက်ဖ်အေရဲ့ ကလပ်အသင်း အဆင့် သတ်မှတ်ချက်တစ်ခုဖြစ်ပြီး ချန်ပီယံလိဂ်အပြင် ယူရိုပါလိဂ်နဲ့ ဥရောပ ကွန်းဖရန့်လိဂ်ပြိုင်ပွဲတွေရဲ့ စွမ်းဆောင်ရည်တွေကိုပါ ထည့်သွင်း တွက်ချက်တာဖြစ်ပါတယ်။
ဒါကြောင့် ပြီးခဲ့တဲ့ ဘောလုံးရာသီ ၇ ခုရဲ့ ရပ်တည်မှုအရ စွမ်းဆောင်ရည် အကောင်းဆုံး လိဂ်ပြိုင်ပွဲ ၂ ခုစာရင်း ထဲမှာ ၆ ရာသီအထိ အမည်ပေါက်ခဲ့တဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲကပဲ အဲဒီ အသင်းပိုတွေနေရာကို ရလိမ့်မယ်လို့ တော်တော် များများ က မျှော်လင့်ထားခဲ့ကြတာပါ။
ဒါပေမဲ့ လက်ရှိ ဘောလုံးရာသီမှာတော့ မန်ယူနဲ့ နယူးကာဆယ်တို့ဟာ ချန်ပီယံလိဂ်မှာ ရုန်းကန်နေရတာကြောင့် ပရီးမီး ယားလိဂ်ရဲ့ စွမ်းဆောင်ရည်ကကျသွားပြီး ဥရောပ စွမ်းဆောင်ရည် အကောင်းဆုံး လိဂ်ပြိုင်ပွဲရပ်တည်မှုအဆင့်မှာ ဂျာမနီ၊ အီတလီ၊ စပိန်တို့ နောက်ကို ရောက်နေပါတယ်။
ကလပ်အသင်း မြှောက်ဖော်ကိန်းကို တွက်ချက်တဲ့ နေရာမှာ ချန်ပီယံလိဂ်အုပ်စုတွင်းက နိုင်ပွဲနဲ့ သရေပွဲတွေဆီက ရမှတ်တွေကို အခြေခံ တွက်ချက်တာဖြစ်ပြီး ရှုံးထွက်အဆင့်ကို တက်ရောက် နိုင်ပြီဆိုရင်လည်း တစ်သင်းချင်းစီကို ရမှတ်တွေ ထပ်ပေါင်းပေးပါတယ်။
ယူရို ပါလိဂ် ပြိုင်ပွဲမှာဆိုရင်လည်း ရမှတ်တွက်ချက်တဲ့ ပုံသေနည်းကတော့ အတူတူပဲဖြစ်ပေမဲ့ အုပ်စု ဒုတိယ ရခဲ့ ရင်တော့ ရမှတ် ၂ မှတ်ပဲ ရမှာဖြစ်ပြီး ချန် ပီယံလိဂ် အုပ်စုတွင်းမှာ ဒုတိယ နေရာ ရခဲ့ရင်တော့ ၄ မှတ် ရမှာ ဖြစ်ပါတယ်။
အဲဒီလို တွက်ချက်ပုံတွေနဲ့အတူ လိဂ်ပြိုင်ပွဲတွေရဲ့ စွမ်းဆောင်ရည်အဆင့် အတန်းကို သတ်မှတ်တာဖြစ်ပြီး လက်ရှိမှာ မန်ယူနဲ့ နယူးကာဆယ်က သက် ဆိုင်ရာ ချန်ပီယံလိဂ် အုပ်စုတွေမှာ အောက်ခြေကို ရောက်နေတာဖြစ်တဲ့ အတွက် ပရီးမီးယားလိဂ်ဟာ ဂျာမန်ဘွန်ဒက်စ်လီဂါ၊ အီတလီစီးရီးအေနဲ့ စပိန် လာလီဂါတို့နောက်မှာ ရှိနေပါတယ်။
ဒါကြောင့် ယူအီးအက်ဖ်အေက သက် ဆိုင်ရာ လိဂ်ပြိုင်ပွဲရဲ့ စွမ်းဆောင်ရည်ကို ကလပ်အသင်း မြှောက်ဖော် ကိန်း(club coefficient)နဲ့ တွက်ချက်တဲ့အချိန်မှာ ပရီးမီးယား လိဂ်အတွက် ထိုးနှက်ချက်တစ်ရပ် ဖြစ်လာတော့မှာပါ။