ဒီတလော မန်ယူ ပွဲထွက် လူစာရင်းမှာ ဗာရန်း သိပ် မပါရတာ ဘာကြောင့်လဲ ဖြေရှင်းချက် ပေးလာတဲ့ နည်းပြ တန်ဟက်

လက်တလော မန်ချက်စတာ ယူနိုက်တက် အသင်း လူစာရင်းမှာ နောက်ခံလူ ရာဖေးလ်ဗာရန်း တစ်ယောက် ပုံမှန် ပွဲထွက်ခွင့် မရတာနဲ့ပတ်သက်ပြီး နည်းပြ တန်ဟက်က ဖြေရှင်းချက်ပေး တုန့်ပြန်လာပါတယ်။

ဗာရန်း မကစားရဘူး ဆိုပေမယ့် ကစားသမားနဲ့ သူ့ကြားမှာ အကြောင်းကိစ္စ ကြီးကြီးမားမားမရှိဘူးလို့ နည်းပြ အဲရစ် တန်ဟတ်က ပြောပါတယ်။

ပြင်သစ်သားဖြစ်တဲ့ ဗာရန်းဟာ ဒီရာသီမှာ ပွဲကစားချိန်နည်းပါးနေသူဖြစ်ပြီး ယူနိုက်တက်ရဲ့ နောက်ဆုံး ၇ ပွဲမှာ တစ်ပွဲပဲ ဦးစားပေး ပွဲထွက်လူစာရင်းထဲ ပါဝင်ခွင့်ရခဲ့သူဖြစ်ပါတယ်။

မန်ယူကို အာဂျင်တီးနားသား လီဆန်ဒရိုမာတီနက်ဇ်ရောက်လာပြီးတဲ့နောက် ဗာရန်း -မာတီနက်ဇ်အတွဲဟာ မန်ယူ အသင်းရဲ့ သမိုင်းမှာ ဖာဒီနန်-ဗီဒစ်အတွဲပြီးရင် အကောင်းဆုံး ခံစစ်အတွဲပဲလို့ ထင်ကြေးပေးခံထားခဲ့ရသူတွေပါ။

ဒါပေမဲ့ ရီးရဲလ်နောက်ခံလူဟောင်းကတော့ ဒီနေ့ ကစားမယ့် လူတန်နဲ့ပွဲမှာတောင် ဦးစားပေး ပွဲထွက်စာရင်းထဲ ရောက် မလာနိုင်သေးတဲ့ အခြေအနေမျိုး ရှိနေပါတယ်။

လက်ရှိမန်ယူမှာ မက်ဂွိုင်းယားက ဦးစားပေး ပွဲထွက်ခွင့် ပြန်ရလာနေပြီး လင်ဒီလော့ဖ်လည်း ကစားဖို့ ရှိနေတာကြောင့် လူတန်တောင်းနဲ့ပွဲမှာဗာရန်းတစ်ယောက် ပါမလာနိုင်တဲ့ အခြေအနေမျိုး ရှိနေတာပါ။

ဒီကိစ္စနဲ့ပတ် သက်ပြီး တန်ဟတ်က ရှင်းပြတဲ့နေရာမှာတော့ လက်ရှိမှာ ပုံစံကောင်းရနေတဲ့ မက်ဂွိုင်းယားရော ဗာရန်း တို့ဟာ ညာခြေအားသန် ကစားသမားတွေဖြစ်တဲ့ အတွက် သူတို့ရဲ့ ပုံမှန်ပွဲထွက်ခွင့်ရဖို့အတွက် တိုက်ပွဲ ဝင်နေရတာဖ ြစ်တယ်လို့ အကြောင်းပြပါတယ်။

အခုလိုမျိုး ဗာရန်းတစ်ယောက် ပုံမှန်ပွဲထွက်ခွင့် မရတာ နဲ့ပတ်သက်ပြီး နည်းပြနဲ့ ကစားသမားကြားမှာ ပြဿနာ ကြီးကြီးမားမား ရှိနေ ပြီလားဆိုတဲ့ သတင်းထောက်ရဲ့မေးခွန်းကို တန်ဟတ်က

” လုံး၀ မဟုတ်ရပါဘူးဗျာ။ ကျွန်တော် ပြောခဲ့သလိုပဲ။ ဒီအတွဲတွေကို ကျွန်တော် ရွေးချယ်ခဲ့တာ က နည်းစနစ်ပိုင်းဆိုင်ရာကြောင့်ပဲ ဖြစ်ပါတယ်။ မက်ဂွိုင်းယားနဲ့ အီဗန်တို့က ကောင်းကောင်းတွဲပြီး ကစားနိုင်ကြတယ်လို့ ကျွန်တော် ထင်တယ်။

ကျွန်တော် ပြီးခဲ့တဲ့နှစ်က ပြောခဲ့သလိုပဲလေ။ မက်ဂွိုင်းယားက အများကြီး ကစားခွင့်မရဘူး။ ဒါကြောင့် ကျွန်တော် ဗာရန်းရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ကျေနပ်ခဲ့တယ်။

သူ့ရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်လို့ ကျွန်တော် အမြဲတမ်း ကျေနပ်ပြီးသားပါ။ ဒါပေမဲ့ လက်ရှိမှာတော့ မက်ဂွိုင်းယားက ကစားပုံကောင်း နေပြီး အသင်းတွင်း ပြိုင်ဆိုင်မှု တစ်ခုပါပဲ ” လို့ ပြောသွားခဲ့ပါတယ်။